ပြင်ဦးလွင် နောင်ချိုတိုက်ခိုက်ခံရမှု ကျပ်သိန်းသုံးထောင်နီးပါး ဆုံးရှုံး၊ လူ ၁၅ ယောက်သေဆုံး

ပြင်ဦးလွင် နောင်ချိုတိုက်ခိုက်ခံရမှု ကျပ်သိန်းသုံးထောင်နီးပါး ဆုံးရှုံး၊ လူ ၁၅ ယောက်သေဆုံး

ရန်ကုန် ၊ သြဂုတ် ၁၆ ။          ။ ပြင်ဦးလွင် နှင့် နောင်ချို မြို့တွင်းသို့ ဝင်ရောက်တိုက်ခိုက်ခံမှုများနှင့်ပတ်သက်ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းသုံးထောင် နီးပါးအထိ ရှိခဲ့ပြီး တပ်မတော်သားအရာရှိစစ်သည်များအပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၅ ယောက်အထိ သေဆုံးခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုလိုက်သည်။

“တပ်မတော်ဘက်က အရာရှိစစ်သည် ကိုးဦး ကျဆုံးခဲ့ပါတယ်၊ ဒဏ်ရာရ တစ်ဦးဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဘက်ကတော့ ကျဆုံး သုံးဦးဖြစ်ပါတယ်။ဒဏ်ရာရ နှစ်ဦးဖြစ်ပါတယ်။ အပြစ်မဲ့အရပ်သားပြည်သူ သေဆုံးမှုက သုံးဦးဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှု ဆယ်ဦးဖြစ်ပါတယ်။ ပျက်စီးဆုံးရှုံးမှုတွေက သိန်းပေါင်း ၂၈၂၁ သိန်းရှိပါတယ်” ဟု ဦးဇော်ဌေးကဆိုသည်။

“မနေ့က ဖြစ်စဉ်ဟာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပါတယ်၊ အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက် သွား တာဖြစ်ပါတယ်” ဟု ဦးဇော်ဌေးက သြဂုတ်လ ၁၆ ရက်နေ့တွင် ပြုလုပ်သည့် သမ္မတရုံးသတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်း နှင့် ဂုတ်တွင်း ရဲစခန်း အပါအဝင် ပြင်ဦးလွင် နှင့် နောင်ချိုမြို့နယ်အတွင်းရှိ နေရာငါးခုကို  မြောက်ပိုင်းမဟာမိတ် လက်နက် ကိုင်အဖွဲ့များမှ တစ်ချိန်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။

သေဆုံးသူများသည် ဂုတ်တွင်းရဲကင်းစခန်းတိုက်ခိုက်ခံရမှုဖြစ်စဉ်၌ အရပ်သားတစ်ဦး ၊ တပ်မတော်သားခုနစ်ဦး၊ ရဲတပ်ဖွဲ့ဝင် သုံးဦး ၊ တပ်မတော် နည်းပညာတက္ကသိုလ် တိုက်ခိုက်ခံရမှုတွင် အရပ်သားတစ်ဦး ၊ နောင်ချို မူးယစ်ဆေးဝါးစစ် ဆေးရေးဂိတ်တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် အရပ်သားတစ်ဦး ၊ တပ်မတော်သားနှစ်ဦး  သေဆုံးခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် ပြည်ထောင်စုလမ်းမကြီး၊ မန္တလေး-မူဆယ်လမ်းပိုင်း  ကုန်စည်စီးဆင်းမှုများ ပြတ်တောက်သွားခဲ့ပြီး ယင်းလမ်းကြောင်းသည် တရုတ်နှင့် နေ့စဉ်ပျမ်းမျှ ကန်ဒေါ် လာ ၁၅ သန်းကျော်ဖိုး ကုန်သွယ် နေသည့် အဓိက လမ်းကြောင်းလည်းဖြစ်သည်။

၂၀၁၆ခုနှစ် နိုဝင်ဘာလအတွင်းဖြစ်ပွားခဲ့သည့် မူဆယ်မြို့တွင်း တိုက်ပွဲများကြောင့် မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှုတွင် တစ်လအတွင်း ကန်ဒေါ်လာ သန်း ၂၀၀ ခန့်လျော့နည်းခဲ့ဖူးသည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required