ဒေါင်းတို့မျိုးဆက်သံချပ် ဝန်းရံသူများရုံးချိန်းတွင် တရားလိုအား စတင်စစ်ဆေး

By ကရိုင်းနူးရာ
16 August 2019
ဒေါင်းတို့မျိုးဆက်သံချပ် ဝန်းရံသူများရုံးချိန်းတွင် တရားလိုအား စတင်စစ်ဆေး

ရန်ကုန်၊ သြဂုတ် (၁၆)ရက် ။         ။ တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားသော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ရုံးထုတ်၌ဝန်းရံခဲ့သဖြင့် တရားစွဲခံရသော ငါးဦးကို သြဂုတ်လ ၁၆ရက်နေ့က ရုံးထုတ်ခဲ့ပြီး တရားလိုဖြစ်သူ ရဲမှူး နေဝင်းအား ဗိုလ်တစ်ထောင်မြို့နယ်တရားရုံးတွင် စတင်စစ်ဆေးခဲ့သည်။

အဆိုပါအမှုကို CMP မှ ပုံမှန်သွားရမယ့် သာမာန်အမှုအဖြစ် သတ်မှတ်ပေးခဲ့ပြီး တရားလိုဘက်မှ ရှာဖွေပုံစံ သက်သေခံ (ခ)ကို တင်သွင်းခဲ့သည်ဟု တရားစွဲဆိုခံထားရသူများဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်မှ ပြောသည်။

" ပုံမှန်ဆိုရင် CMP ကနေ သတ်မှတ်ထားတာက အလျင်အမြန်အမှု၊ သာမန်အမှု၊ ရှုပ်ထွေးမှုဆိုပြီး ရှိပေမယ့် ဒီအမှုကိုတော့ သာမန်အမှုလိုပဲ သတ်မှတ်ထားတယ်။ ပုံမှန်သွားမယ့်အမှုပဲဆိုတော့ တရားလိုဘက်အထိပဲ သတ်မှတ်သေးတာ။ တရားလိုနဲ့ လိုပြသက်သေတွေကို စစ်မယ်၊ ရုံးချိန်းလည်း မှန်မှန်စစ်မယ်။ ဒီနေ့ တရားလို ရဲမှူးနေဝင်းကို စစ်တယ်။ ရှာဖွေပုံစံကို သက်သေခံ (ခ)နဲ့ သွင်းတယ်။ သက်သေခံခေါ်ဖို့အထဲမှာ အပိုင်းနှစ်ပိုင်း ပါတယ်။ တစ်ပိုင်းကတော့ ဓါတ်ပုံ ၆ပုံ၊ နောက်တစ်ပိုင်းကတော့ ဗီဒီယိုဖိုင်။ ဓါတ်ပုံ၆ပုံကိုတော့ ကျွန်မတို့ဘက်က လက်ခံတယ်။ ဗီဒီယိုကျတော့ ဗီဒီယိုဖိုင်ကို ဖွင့်မပြပဲနဲ့ သက်သေခံတင်သွင်းဖို့က ဥပဒေနဲ့ မညီညွှတ်ဘူးလေ။ အဲ့တာကြောင့် ဗီဒီယိုဖွင့်ပြဖို့ ရုံးတော်ကို လျှောက်ထားခဲ့တဲ့အတွက် သူ့ကို စစ်ဆေးနေဆဲကာလမှာပဲ ရုံးချိန်း ပေးလိုက်တာပါ " ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်မှ ပြောသည်။.

တရားစွဲတင်ခံရသူ၅ဦးမှာ ဒေါ်နီလာသိန်း(၈၈မျိုးဆက် ငြိမ်း/ပွင့်)၊ မရှားယမုံ(အသံအဖွဲ့)၊ ကိုနန်းလင်း (ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း)၊ ကိုနိုင်ကိုသူ (ဒေါင်းတို့မျိုးဆက်)၊ ကိုမင်းဟန်ထက်် (ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ မူဝါဒရေးရာကော်မတီ တာဝန်ခံ) တို့ကို ပုဒ်မ ၃၅၃ ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်စဉ် လက်ရောက်မှု၊ ပုဒ်မ ၃၃၂ ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်စဉ် သာမန်ဒဏ်ရာ ရရှိစေမှု တို့နှင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလကုန်ပိုင်းက ဗိုလ်တထောင်မြို့နယ်တရားရုံးတွင် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ရုံးထုတ်စဉ် ရဲတပ်ဖွဲ့နှင့် ဝန်းရံသူများကြား ရုန်းယင်းဆန်ခတ်ဖြစ်ပွားခဲ့ခြင်းကြောင့် အဆိုပါ ဝန်းရံသူ၅ဦးကို တရားစွဲဆိုခြင်း ဖြစ်သည်ဟု သိရသည်။

ထိုအထဲတွင် ကိုမင်းဟန်ထက်မှလွဲ၍ ဒေါ်နီလာသိန်း အပါအဝင် လေးယောက်သည် အာမခံရရှိခဲ့ပြီး ကိုမင်းဟန်ထက်ကို ကမာရွတ်မြို့နယ် ရဲစခန်းမှလည်း 7 july ချီတက်မှုကြောင့် ပုဒ်မ ၁၉ဖြင့် တရားစွဲဆို ထားသဖြင့် အချုပ်ဖြင့် တရားရင်ဆိုင်နေခြင်းဖြစ်သည်။ နောက်ထပ်ရုံးချိန်းကို  သြဂုတ်လ ၂ဝရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required