ရေနံချောင်း မြေနုကျွန်းပဋိပက္ခစုံစမ်းတွေ့ရှိချက် မကွေးဝန်ကြီးချုပ်ဆီ တိုက်ရိုက်တင်ပြထား

ရေနံချောင်း မြေနုကျွန်းပဋိပက္ခစုံစမ်းတွေ့ရှိချက် မကွေးဝန်ကြီးချုပ်ဆီ တိုက်ရိုက်တင်ပြထား

မကွေး၊ သြဂုတ် ၁၆ ။        ။ ရေနံချောင်းမြို့၊ ကံသာကျေးရွာနှင့် ဖရဲကျွန်းကျေးရွာတို့ မြေနုကျွန်းကိစ္စ အငြင်းပွားပြီး လူသေဆုံးသည်အထိ ပဋိပက္ခဖြစ်ပွားခဲ့မှုနှင့်ပတ်သက်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမားဝန်ကြီးဦးမြင့်ဆွေက စုံစမ်း စစ်ဆေးတွေ့ရှိချက်များအား မကွေးဝန်ကြီးချုပ်ထံ တင်ပြထားကြောင်း သိရသည်။

“ကျွန်တော်တို့က အစီရင်ခံစာထဲမှာ အပြည့်အစုံ တင်ပြထားပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းကတော့ ဥပဒေ အတိုင်း လိုက်နေရင် ကြာတယ်။ တို့ ကိုယ်တိုင်ရှင်းမှ ရမယ်ဆိုတဲ့ အတွေးအခေါ်တွေ ဝင်သွားတယ်။ ဥပဒေကို လိုက်နာမှု အားနည်းတယ်။ ရပ်ကျေးရဲ့ လိုက်နာလုပ်ဆောင်မှု အားနည်းတယ်” ဟု မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမားဝန်ကြီး ဦးမြင့်ဆွေက မကွေးမီဒီယာများကို သြဂုတ် ၁၅ ရက်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်၂၃ ရက်နေ့က နှစ်ဖက်ကျေးရွာဒေသခံများ ပဋိပက္ခဖြစ်ပွားခဲ့ရာ ဖရဲကျွန်းကျေးရွာဒေသခံ ၄၀ ဦး ပျောက်ဆုံးခဲ့ရာ သေဆုုံးသူ၂၇ ဦးနှင့် အသက်ရှင်သူ နှစ်ဦးအား တွေ့ရှိခဲ့ပြီး ၁၁ ဦးမှာ ပျောက်ဆုးံနေဆဲဖြစ်ကြောင်းသိရသည်။

အဆိုပါ ပဋိပက္ခဖြစ်စဉ်အသေးစိတ်ကို ၁၀ ရက်အတွင်း စုံစမ်းစစ်ဆေးတင်ပြရန် တိုင်းအစိုးရအဖွဲ့ အလုပ်သမား ဝန်ကြီး ဦးမြင့်ဆွေကို အဖွဲ့ခေါင်းဆောင်အဖြစ် တိုင်းဝန်ကြီးချုပ်က ဇူလိုင် ၂၆ ရက်က တာဝန်ပေးလိုက်ပြီး နောက် သြဂုတ် ၁၃ ရက်နေ့က တိုင်းဝန်ကြီးချုပ်ထံ ပြန်လည်တင်ပြခဲ့သည်ဟု သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဝန်ကြီးချုပ်ဆီ တိုက်ရိုက်တင်ပြထားခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးတွေ့ရှိချက်များကို တိုင်းအလုပ်သမားဝန်ကြီးက အသေးစိတ် မထုတ်ပြန်ခဲ့ပေ။

အဆိုပါကျေးရွာ နှစ်ရွာသည် မြေနုကျွန်းနေရာ အငြင်းပွားမှု ဖြစ်ခဲ့ပြီး ဖရဲကျွန်းကျေးရွာမှ ရွာခံများသည် ၎င်းတို့ကျေးရွာ စာသင်ကျောင်းဖွံဖြိုးရေးအသုံးပြုသည့် မြေနုပေါ်သို့ ကံသာကျေးရွာမှ လူနေအိမ်များဆောက်လုပ်သည်ဟု ဆိုကာ၊နေအိမ်တစ်လုံးအား ဖြိုလိုက်ရာမှ စတင်ပဋိပက္ခဖြစ်ပွားခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်တွင် ကံသာကျေးရွာမှ လူ တစ်ဦးသေဆုံးပြီး ဖရဲကျွန်းကျေးရွာမှ ၄၀ ဦးမှာ ပျောက်ဆုံး၊ သေဆုံးခြင်းများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဖြစ်ပွားခြင်းနှင့်ပတ်သက်ပြီး နှစ်ဖက်ကျေးရွာဒေသခံများက အပြန်အလှန်အမှုဖွင့်ခြင်းများ ပြုလုပ်ခဲ့ရာ ကံသာကျေးရွာမှ သုံးဦးနှင့် ဖရဲကျွန်းကျေးရွာမှ တစ်ဦးအား ရေနံချောင်းမြို့မရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ရေရှည်တွင် နှစ်ရွာ ပြန်သင့်မြတ်ရေး အကြံပြုချက်များပါ အစီရင်ခံစာတွင် ထည့်သွင်းထားကြောင်း ဝန်ကြီးက ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly