ဧရာဝတီအသင်းသိက္ခာထိခိုက်စေသော ပြောစကားအတွက် ကျော်မင်းဦးပြန်လည်တောင်းပန်

ဧရာဝတီအသင်းသိက္ခာထိခိုက်စေသော ပြောစကားအတွက် ကျော်မင်းဦးပြန်လည်တောင်းပန်
ဧရာဝတီကွင်းလယ်ကစားသမားကျော်မင်းဦးကို မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တစ်ပွဲတွင်တွေ့ရစဉ်။ (ဓာတ်ပုံ-ရွှေဘုတ်)

အောက်တိုဘာ ၁၃၊ ရန်ကုန်။         ။ Hyper Sports မီဒီယာသို့ဖြေကြားခဲ့သော အင်တာဗျုးတွင် ဧရာဝတီ အသင်းဂုဏ်သိက္ခာထိခိုက်စေသောပြောစကားများ ပါဝင်ခဲ့သည့် အတွက် ကွင်းလယ်ကစားသမား ကျော်မင်းဦးက လက်ရွေးစင်အသင်းတာဝန်ရှိသူများမှတဆင့် ပြန်လည်တောင်းပန်ခဲ့သည်။ 

ထိုသို့ တောင်းပန်ခဲ့သည့်အတွက် ဧရာဝတီယူနိုက်တက်အသင်းမှ ကျော်မင်းဦးအား ချမှတ်သည့် ပြစ်ဒဏ်နှင့် ပတ်သက်၍ နှစ်ဦးနှစ်ဘက် ပြေလည် အထိ ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်သည် ဟု ဧရာဝတီအသင်း ဝက်ဆိုဘ်တွင် တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။

“ ကျွန်တော် အမှတ်တမဲ့ပြောခဲ့မိတဲ့ စကားအတွက် အားလုံးကိုတောင်းပန်ချင်ပါတယ်။ အထူးသဖြင့် ကျွန်တော့် ဧရာဝတီအသင်းက ပိုင်ရှင်တွေ အကြီးအကဲတွေ တာဝန်ရှိလူကြီးမင်းတွေအားလုံးကို အနူးအညွန့်တောင်းပန် ချင်ပါတယ်။ ကျွန်တော်လူငယ်တစ်ယောက်ရဲ့ စိတ်နဲ့ အင်တာဗျူးတစ်ခုမှာ အသင်းအဆောင်နဲ့ ပတ်သက်ပြီး မစဉ်းစားမဆင်ခြင်ဘဲ အမှတ်တမဲ့ပြောလိုက်မိတဲ့စကားကြောင့် အသင်းသိက္ခာကို နည်းနည်းထိခိုက်မိသလို ဖြစ်သွားတဲ့အတွက် အရမ်းပဲ စိတ်မကောင်းဖြစ်ပြီး နောင်တရမိပါတယ်။ အသင်းကိုထိခိုက်စေချင်တဲ့ စိတ်ဓာတ်မျိုး ကျွန်တော့်ဆီမှာ လုံးဝမရှိပါဘူး။ ကျွန်တော်က ဘောလုံးပဲ ကစားချင်တာပါ။ အခု လက်ရွေးစင်အသင်းနဲ့ အရေးကြီးပွဲကစားဖို့ရှိလို့ ဆရာတွေဆီဖုန်းတွေ ခဏပေးထားရလို့ ကျွန်တော့် စာမျက်နှာကနေ ရေးပြီး မတောင်းပန်နိုင်သေးလို့ ဦးစိုးကနေတစ်ဆင့် ကျွန်တော့်လူကြီးတွေကို ပြောပြပေးပါခင်ဗျာ။ မြန်မာပြည်ပြန်ရောက်ရင်လည်း ကျွန်တော်သေချာတောင်းပန်ပါဦးမယ် ” ဟု ကျော်မင်းဦးက   မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ညွှန်ကြားရေးမှူး(စီမံ) ဦးစိုးမိုးကျော်မှ တဆင့် ပြန်လည် ဖြေရှင်းတောင်းပန်ခဲ့သည်။

ဧရာဝတီအသင်းအနေဖြင့် ကျော်မင်းဦးကို မြန်မာနေရှင်နယ်လိဂ် စံချိန်တင်ပြစ်ဒဏ်အဖြစ် ဒဏ်ကြေး သိန်း ၂၀၀ ချမှတ်ထားသော်လည်း ကစားသမားဘက်   ပြန်လည်တောင်းပန်ခဲ့သဖြင့်   ပြန်လည်ညှိုနှိုင်းပေးရန် စီစဉ်နေသည်။

ကျော်မင်းဦးမှာ လာမည့်နှစ်ဘောလုံးရာသီတွင်အသင်းပြောင်းမည်ဟု ပြောထားသူဖြစ်ပြီး ရန်ကုန်အသင်းနှင့်အကြိုသဘောတူညီမှုရထားပြီးဖြစ်ကြောင်းလည်း ရန်ကုန်အသင်းဘက်မှ အတည်ပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required