ဒါရိုက်တာမင်းထင်ကိုကိုကြီးအမှု လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့် ချမှတ်မည်

By ကရိုင်နူးရာ
15 August 2019
ဒါရိုက်တာမင်းထင်ကိုကိုကြီးအမှု လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့် ချမှတ်မည်

သြဂုတ် ၁၅ ရက် ။          ။ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆိုခံထားရသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး အမှုကို လာမည့် သြဂုတ် ၂၉ ရက်နေ့တွင် အပြီးသတ်အမိန့် ချမှတ်မည် ဖြစ်သည်။

ယနေ့ သြဂုတ် ၁၅ ရက်နေ့ ရုံးချိန်းတွင် ဒါရိုက်တာမင်းထင်ကိုကိုကြီးသည် ကိုယ်တိုင်သက်သေအဖြစ် တရားခွင်၌ ထွက်ဆိုခဲ့သည်။

၎င်းသည် အွန်လိုင်းစာမျက်နှာတွင် ရေးသားခဲ့သည်မှာ မှန်သော်လည်း တပ်မတော် ပြိုကွဲအောင်၊ အကြည်ညို ပျက်အောင် ရေးသားခဲ့ခြင်း မရှိဟု ယနေ့ ထွက်ဆိုခဲ့သည်။

" ဒီနေ့ကတော့ တရားသူကြီးနဲ့ နှစ်ယောက်တည်း တခြားသက်သေတွေမခေါ်ဘဲ ကိုယ်တိုင် ထွက်ဆိုခဲ့တယ်။ ၂၉ ရက်နေ့ နောက်ရုံးချိန်းမှာ အမိန့်ချမှာ။ မန္တလေးနဲ့ အမရပူရမှာလည်း ဖေ့ဘွတ်မှာ ရေးတဲ့ဟာကို ၅၀၅ (က)နဲ့ တရားစွဲထားတဲ့ နှစ်မှုလုံးကို တရားရုံးတော်က ပလပ်ခဲ့တာ။ ဒီမှာတော့ အမှုကလည်း တစ်ပုံစံတည်းပဲ ဖေ့စ်ဘွတ်မှာ ရေးတာပဲ၊ ၅၀၅ (က)ပဲ။

ဒါပေမယ့် ဒီအဆင့်ထိ ရောက်လာတယ်။ အင်းစိန်ထောင်ထဲမှာ နေ နေရတာ ငါးလလောက်ရှိပြီ။ အခုကတော့ နောက်ဆုံး အမိန့်ချမယ့် အခြေအနေကို ရောက်လာပြီ။ အဲဒါတွေ အားလုံးက ဘာမျှော်လင့်ထားလဲလို့ ပြောရရင် မှန်တာပြောရရင် ဘာမှတော့ မျှော်လင့်မထားဘူး။ တရားသူကြီး ရဲ့ ဆင်ခြင်တုံတရားကိုပဲ တစ်နိုင်ငံလုံး မြင်ရမှာပါ" ဟု ဒါရိုက်တာမင်းထင်ကိုကိုကြီးက ပြောသည်။

အပြီးသတ်ချမှတ်မယ့်အမိန့်နှင့်ပတ်သက်၍ တရားသူကြီး၏ ဆင်ခြင်တုံတရားကိုပဲ စောင့်ကြည့်ရမည်ဟု စွပ်စွဲခံရသူဘက်မှ လိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေ ဦးရောဘတ်စန်းအောင်ကလည်း ပြောဆိုခဲ့သည်။

ဒါရိုက်တာမင်းထင်ကိုုကိုကြီးသည် ပြီးခဲ့သည့် ဧပြီလကတည်းက တရားစွဲဆိုခံရပြီး အချုပ်နှင့် အမှု ရင်ဆိုင်နေရခြင်း ဖြစ်ပြီး ငါးလနီးပါးရှိပြီ ဖြစ်သည်။

 ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် ၂၀၀၈ အခြေခံဉပဒေ ပြင်ဆင်ရေးအတွက် တပ်မတော်၏ ရပ်တည်မှုနှင့် ပတ်သက်ပြီး ဖေ့စ်ဘွတ်ပေါ်တွင် ဝေဖန်ရေးသားမှုများ ပြုလုပ်ခဲ့သောကြောင့် သူ၏ ဝေဖန်ရေးသားမှု ၁၁ ချက် အတွက် တပ်မတော်မှ မင်းထင်ကိုကိုကြီးအား ပုဒ်မ ၆၆ (ဃ) (ပ နံပတ် ၈၀၇/၂၀၁၉) ဖြင့် အင်းစိန်ရဲစခန်းတွင် မတ် ၂၉ ရက်က တိုင်ကြားအမှုဖွင့်ခဲ့သည်။

ထို့ပြင် ဧပြီ ၂ ရက် နေ့တွင် ယင်း ယင်းဝေဖန်ရေးသားချက် ၁၁ ချက်အတွက်ပင် အင်းစိန်မြို့နယ် တရားရုံးတွင် ပုဒ်မ ၅၀၅ (က) ဖြင့် တပ်မတော်က ထပ်မံတိုင်ကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required