ဥရောပစူပါဖလားကို လက်လွတ်ခဲ့ရပေမယ့် ချယ်လ်ဆီးအနေနဲ့ ပိုကောင်းလာမယ်လို့ လမ်းပတ် မြင်

ဥရောပစူပါဖလားကို လက်လွတ်ခဲ့ရပေမယ့် ချယ်လ်ဆီးအနေနဲ့ ပိုကောင်းလာမယ်လို့ လမ်းပတ် မြင်
Photos: AFP & EPA

နည်းပြ ဖရန့်လမ်းပတ်က ဥရောပစူပါဖလားဗိုလ်လုပွဲမှာ အင်္ဂလန်ပြိုင်ဘက် လီဗာပူးလ်ကို ပင်နယ်တီအဆုံးအဖြတ်မှာ အရေးနိမ့်ပြီး စိတ်ပျက်စရာဖြစ်ခဲ့ပေမယ့် ချယ်လ်ဆီးအသင်းရဲ့ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် အသင်းအနေနဲ့ ပိုကောင်းလာနိုင်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

ယနေ့မနေ့အစောပိုင်းက အစ္စတန်ဘူလ်မှာ ကစားသွားခဲ့တဲ့ ဥရောပစူပါဖလား ဗိုလ်လုပွဲမှာ ချန်ပီယံလိဂ် ချန်ပီယံ လီဗာပူးလ်နဲ့ ယူရိုပါလိဂ် ချန်ပီယံ ချယ်လ်ဆီအသင်းတို့ဟာ ပုံမှန်ပွဲချိန် မိနစ် (၉၀)အတွင်း တစ်ဖက် (၁)ဂိုးစီ သကျေခဲ့ပြီး အချိန်ပိုဆက်လက် ကစားရာ တစ်ဖက် တစ်ဂိုးစီ ထပ်မံသွင်းယူခဲ့ကြပါတယ်။

ဒါ့ကြောင့် (၂-၂)ဂိုးစီ သရေကျခဲ့ပြန်တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူရာမှာတော့ လီဗာပူးလ်အသင်းဟာ ချယ်လ်ဆီးကို (၅-၄)ဂိုးနဲ့ အနိုင်ရရှိခဲ့ကာ စူပါဖလား ချန်ပီယံဖြစ်သွားခဲ့ပါတယ်။

လမ်းပတ်က "ကျနော်တို့ ပိုပြီးကောင်းလာနိုင်တယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့အနေနဲ့ အခုထက် ပိုပြီး အဆုံးသတ်ပိုင်း တိုးတက်လာဖို့ လိုတာတော့ အမှန်ပါပဲ။ ဒါပေမယ့် ဒီနေ့ပွဲမှာ အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ကစားပုံအတွက် အတော်လေး ဂုဏ်ယူမိပါတယ်။ ပျော်လည်း ပျော်ရွှင်မိပါတယ်။"လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ပွဲကို ရှုံးနိမ့်ရတာက စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်  ကျနော့်တို့သာ ဒီနေ့လို စွမ်းဆောင်ရည်မျိုးကို ချယ်လ်ဆီးရဲ့ ရာသီသစ်မှာ တစ်ခုခု လုပ်နိုင်ခဲ့မယ်ဆိုရင် ကျနော်တို့ ကောင်းမွန်လာပါလိမ့်မယ်။"

လမ်ပတ်က သူ့ရဲ့ ပထမဆုံးပွဲဦးထွက်ပွဲစဉ်မှာ မန်ယူကို ၄-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် စူပါဖလားပွဲစဉ်မှာ အသင်းရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကြောင့် သူတို့ဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ် သွားနေတယ်လို့ ယုံကြည်နေပါတယ်။

"လီဗာပူးလ်အသင်းဟာ သူတို့လိုချင်တဲ့ ပုံစံ အတိုင်းအတာတစ်ခုဆီကို ရောက်ရှိတယ်ဆိုတာ ခင်ဗျာ သိပါတယ်။ ကျနော်ဟာ ယာဂန် ကလော့ပ်အပေါ် လေးစားမှုအပြည့်ရှိပါတယ်။ 

"ကျနော်ကတော့ ချယ်လ်ဆီးအသင်းကို နည်းပြသစ်အနေနဲ့ ရောက်ရှိလာတာ ၆ ပတ်ကျော်ကျော်ပဲ ရှိပါသေးတယ်။ ကျနော် ဒီနေ့ တွေ့မြင်ခဲ့တဲ့ အရာတွေက အသင်းမှာ ကျနော် ရှိစေချင်တဲ့ အရာတွေပါပဲ။” လို့ လမ်းပတ်က ပြောသွားပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly