ဂျပန်နဲ့ တင်းမာနေချိန် တောင်ကိုရီးယားက စစ်တွင်း လိင်ကျွန်ပြုခံ အမျိုးသမီးတွေကို အောင်းမေ့ပွဲ ပြုလုပ်

ဂျပန်နဲ့ တင်းမာနေချိန် တောင်ကိုရီးယားက စစ်တွင်း လိင်ကျွန်ပြုခံ အမျိုးသမီးတွေကို အောင်းမေ့ပွဲ ပြုလုပ်

ဆိုးလ်၊ သြဂုတ် ၁၄ ။          ။ ဂျပန်နဲ့ သံတမန်ရေးနဲ့ ကုန်သွယ်ရေးမှာ တင်းမာမှုတွေ မြင့်တက်နေတဲ့ကြားမှာပဲ တောင်ကိုရီးယားနိုင်ငံဟာ စစ်အတွင်း လိင်ကျွန်ပြုခံ အမျိုးသမီးတွေကို ဂုဏ်ပြုအောင်းမေ့ပွဲ အခမ်းအနားတွေကို အစိုးရကိုယ်တိုင် ဦးစီးပြီး ဗုဒ္ဓဟူးနေ့မှာ ကျင်းပပြုလုပ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ လိင်ကျွန်ပြုခံအမျိုးသမီးများနေ့ကို တောင်ကိုရီးယားနိုင်ငံအနေနဲ့ ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်လာတာလည်း ဖြစ်ပါတယ်။

၉၃၀ ခုနှစ်တွေကနေ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးတဲ့ ၁၉၄၅ ခုနှစ်အထိ တရုတ်နဲ့ ကိုရီးယားကျွန်းဆွယ်က ဂျပန်စစ်စခန်းတွေမှာ ဆောင်ကြာမြိုင်တွေ ထားရှိပြီး အမျိုးသမီးတွေကို အတင်းအကြပ် ပြည့်တန်ဆာအဖြစ် ဆက်ဆံခဲ့ကြပါတယ်။

ကိုရီးယားအမျိုးသမီးတွေ အများစုဖြစ်တဲ့ အတင်းအကြပ်လိင်ကျွန်ပြုခံ အမျိုးသမီးပေါင်း နှစ်သိန်းဝန်းကျင်အတွက် အောင်းမေ့သတိရဖွယ်အဖြစ် အပြည်ပြည်ဆိုင်ရာ လိင်ကျွန်ပြုခံအမျိုးသမီးများနေ့ကို ကျင်းပတာပါ။

၂၀၁၈ ခုနှစ်မှာ တောင်ကိုရီးယား အစိုးရဟာ သြဂုတ် ၁၄ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ လိင်ကျွန်ပြုခံအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ပြီး ကျင်းပပြုလုပ်လာတာပဲ ဖြစ်ပါတယ်။

စစ်အတွင်း ဂျပန်တပ်တွေရဲ့ လိင်ကျွန်ပြုခံ အမျိုးသမီးတွေအရေးဟာ နှစ်နိုင်ငံကြားက သံတမန်ဆက်ဆံရေးမှာ တင်းမာမှုအဖြစ် ရှိနေပါတယ်။

၂၀၁၅ ခုနှစ်တုန်းက ဂျပန်နဲ့ တောင်ကိုရီးယားအစိုးရဟောင်းဟာ လိင်ကျွန်ပြုခံအမျိုးသမီးတွေကို နစ်နာကြေး အမေရိကန်ဒေါ်လာ ရှစ်သန်းအပါအဝင် သဘောတူညီချက်ကို ချုပ်ဆိုပြီး ဖောင်ဒေးရှင်းတစ်ရပ် ထူထောင်ခဲ့ပေမယ့်  ၂၀၁၈ မှာ လက်ရှိ တောင်ကိုရီးယားအစိုးရက ပယ်ဖျက်လိုက်ပါတယ်။

နစ်နာကြေးဟာ လုံလောက်မှု မရှိဘူးဆိုပြီး ပယ်ဖျက်လိုက်တာဖြစ်သလို တောင်ကိုရီးယားမှာ ရှိနေတဲ့ ဂျပန်ကုမ္ပဏီတွေဟာ စစ်အတွင်းက လိင်ကျွန်ပြုခံရသူတွေ ဒါမှမဟုတ် ကျန်ရစ်တဲ့ အမွေစားအမွေခံတွေကို နစ်နာကြေးပေးရမယ်ဆိုပြီး တရားရုံးချုပ်က အမိန့်ချမှတ်ခဲ့ပါတယ်။

တောင်ကိုရီးယားရဲ့ လုပ်ရပ်ကို ဂျပန်နိုင်ငံက တုံ့ပြန်ပြီး ကုန်သွယ်ရေးတင်းကြပ်မှုတွေ ချမှတ်လာခဲ့ရာမှာ တောင်ကိုရီးယားဖက်ကလည်း အလားတူ တုံ့ပြန်ရင်း တင်းမာမှု အရှိန်မြင့်တက်နေတော့တာ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required