ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးမှ အမေရိကန် နုတ်ထွက်မယ်လို့ ထရမ့် ခြိမ်းခြောက်

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးမှ အမေရိကန် နုတ်ထွက်မယ်လို့ ထရမ့် ခြိမ်းခြောက်

၀ါရှင်တန်၊ သြဂုတ် ၁၄ ။        ။ အခြေအနေ တိုးတက်ကောင်းမွန်မှု မရှိရင် အမေရိကန်အနေနဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး WTO ကနေ နုတ်ထွက်မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က သြဂုတ် ၁၃ ရက်မှာ ခြိမ်းခြောက် ပြောဆိုပါတယ်။

“ကျွန်တော်တို့အတွက် မဟန်ဘူးဆိုရင်တော့ နုတ်ထွက်မှာ ဖြစ်တယ်။”လို့ ပင်ဆယ်ဗေးနီးယားပြည်နယ်က Shell ဓာတုစက်ရုံက အလုပ်သမား ပရိသတ်ကို  ထရမ့်က ပြောပါတယ်။

“ကျွန်တော်တို့ သိတယ်။ သူတို့က ကျွန်တော်တို့ကို ရိုက်စားလုပ်နေတာ နှစ်တွေ ကြာနေပြီ။ ဒါမျိုး နောက်ထပ် ထပ်အဖြစ်မခံဘူး။”လို့ ကောင်းချီးသြဘာပေးတဲ့ ပရိသတ်ကို ထရမ့်က ပြောပါတယ်။

သမ္မတ ထရမ့်အနေနဲ့ WTO အဖွဲ့ကြီးကို အတော်လေး ပစ်မှတ််ထား တိုက််ခိုက်တာတွေ ရှိပြီး အရင်ကလည်း အဖွဲ့ကြီးကနေ နုတ်ထွက်မယ်လို့ ခြိမ်းခြောက်ပြောဆိုမှုတွေ ရှိထားပါတယ်။

အမေရိကန်အပေါ် မမျှမတ ဆက်ဆံနေတယ်လို့ ပြောဆိုပြီး အမေရိကန်အနေနဲ့ WTO ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာနိုင်ဘူးလို့ပါ  ထရမ့်က ပြောဆိုထားပါတယ်။

အမေရိကန်ရဲ့ နည်းပညာတွေကို တရုတ်နိုင်ငံက ခိုးယူနေတယ်လို့ အမေရိကန် တိုင်ကြားထားတဲ့ ကြားကပဲ WTO ဟာ တရုတ်ကို အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုခဲ့တာကို ထရမ့်က အဓိက ပစ်မှတ်ထားပြီး ဝေဖန်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly