ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုုဟု ပါတီများကို ဦးတင်အေး ခေါ်ပြော

ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုုဟု ပါတီများကို ဦးတင်အေး ခေါ်ပြော

ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီ ၁၀ ခု နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် အောက်တိုဘာ ၁၃ ရက် တွေ့ဆုံရာတွင် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းလိုကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုသည်ဟု တွေ့ဆုံပွဲ တက်ရောက်သူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုကော်မတီဝင် ဦးဝင်းထိန်က သတင်းထောက်များကိုပြောသည်။

ဦးတင်အေး၏ အဆိုပြုမှုကို ကြံ့ခိုင်ရေးပါတီ၊ အမျိုးသား တိုးတက်ရေးပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က ထောက်ခံခဲ့သည်ဟု ဦးဝင်းထိန်က ပြောသည်။ ကန့်ကွက်သူများတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကော်မတီဝင် ဦးဝင်ထိန်က ကန့်ကွက် ခဲ့သည်ဆိုသည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကမူ ရွေးကောက်ပွဲကော်မရှင်၏ သဘောထား အပေါ်တွင်သာ မူတည်သည်ဟုဆိုသည်။

ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုခြင်း၏အကြောင်းပြချက်အဖြစ် ရေကြီးမှု၊ ကယားပြည်နယ်အတွင်းနှင့် ချင်းပြည်နယ်တို့တွင် မြေပြိုမှုများကြောင့် ရွှေ့ဆိုင်းလိုကြောင်း အကြောင်းပြသည်ဟုလည်း ဦးဝင်းထိန်က ဆိုသည်။

ဦးတင်အေး ဆိုလိုသည့် ရွှေ့ဆိုင်းလိုမှုသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြစ်သည်ဟု ဦးဝင်းထိန်ကဆိုသည်။ ရွှေ့ဆိုင်းမည့် အချိန်ကာလကိုလည်း ထုတ်ဖေါ်ပြောဆိုခြင်း မရှိဟု ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲသို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ရခိုင်အမျိုးသားပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ကြံ့ခိုင်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ တို့ တက်ရောက်ခဲ့ကြသည်။

လုပ်ငန်း ညိနှိုင်းအစည်းအဝေးဟု ဆိုသော်လည်း အဓိက အားဖြင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုကြောင်းသာ  အဓိက ဖြစ်သည်ဟုလည်း ဦးဝင်းထိန်က ဆိုသည်။ ယခု ခေါ်ယူတွေ့ဆုံသည့် ပါတီများသည် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်များပြားမှုအပေါ် မူတည်ပြီး ခေါ်ယူခြင်းဖြစ်သည်။ အဆိုပါ ပါတီများသည် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညိနှိုင်းရေး ဗဟိုကော်မတီတွင် ပါဝင်သည့် ပါတီများလည်း ဖြစ်သည်။ ယနေ့ ဆွေးနွေးသည့် ခေါင်းစဉ်သည် ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညိနှိုင်းရေး ဗဟိုကော်မတီ လုပ်ငန်းညိနှိုင်းအစည်းအဝေးဖြစ်ပြီး ၂/ ၂၀၁၅ ဖြစ်သည်။

အစည်းအဝေးကို နေ့လည်ပိုင်းတွင် ခေတ္တရပ်နားထားပြီး ညနေပိုင်းတွင် ဆက်လက် ကျင်းပမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required