လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းမျဉ်းသစ်များ အမေရိကန် ထုတ်ပြန်ကြေညာ

လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းမျဉ်းသစ်များ အမေရိကန် ထုတ်ပြန်ကြေညာ

သြဂုတ် ၁၃ ။          ။ သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်တဲ့ အမေရိကန် အစိုးရအဖွဲ့ကတော့ လူဝင်မှု ကြီးကြပ်ရေး ဆိုင်ရာ စည်းမျဉ်းသစ်တွေကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ယခု ထုတ်ပြန်လိုက်တဲ့ စည်းမျဉ်းသစ်တွေအရ အမေရိကန်နိုင်ငံထဲ ရွှေ့ပြောင်းဝင်ရောက်လာသူတွေအနေနဲ့ အစားအစာ ရိက္ခာ၊ ဆေးကုသခွင့်နဲ့ နေအိမ် အထောက်အပံ့လိုမျိုး အများပြည်သူ့ အကျိုးခံစားခွင့်တွေ ရယူမယ်ဆိုပါက ၎င်းတို့ကို အမြဲတမ်း နေထိုင်ခွင့်၊ ဒါမှမဟုတ် နိုင်ငံသား ဖြစ်ခွင့်ကနေ အစိုးရဘက်က ငြင်းဆန်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ရွှေ့ပြောင်းနေထိုင်သူတွေအနေနဲ့ အမေရိကန်မှာ အများပြည်သူဆိုင်ရာ အကူအညီတွေ ရယူဖို့ လိုအပ်ဖွယ် ရှိနေမယ်ဆိုပါက ၎င်းတို့ကို နိုင်ငံထဲ ဝင်ရောက်ခြင်းကနေ ပိတ်ပင်တားမြစ်သွားမယ်ဆိုပြီး အမေရိကန် နိုင်ငံသားဖြစ်ရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဌာန ခေတ္တ ညွန်ကြားရေးမှူး ကန် ကူစီနယ်လီက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတွင်းမှာ ရောက်နှင့်နေပြီဖြစ်တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကိုလည်း အများပြည်သူ့ အကျိုးခံစားခွင့်တွေ ရယူမယ်ဆိုပါက ၎င်းတို့ကို အစိမ်းရောင်ကဒ် ဒါမှမဟုတ် အမေရိကန် နိုင်ငံသားဖြစ်ခွင့် ငြင်းဆန်သွားမယ်လို့ ၎င်းက  ဆိုပါတယ်။

ယခု စည်းမျဉ်းသစ်တွေကတော့ လာမယ့် အောက်တိုဘာ ၁၅ မှာ စတင်အသက်ဝင်လာမှာဖြစ်ပါတယ်။

ယခုလက်ရှိ နိုင်ငံတွင်းမှာ အမြဲတမ်းနေထိုင်ခွင့် ရထားပြီးသား သူတွေကတော့ ယခုစည်းမျဉ်းအပြောင်းအလဲအောက်မှာ သက်ရောက်နိုင်ဖွယ် မရှိဘူးလို့လည်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required