ရန်ကုန် ရေဝေစနစ် ရာခိုင်နှုန်း ထက်ဝက် ဆုံးရှုံး သုံးစွဲသူများထံ ထက်ဝက်သာရောက်ဟု JICA ပြော

ရန်ကုန် ရေဝေစနစ် ရာခိုင်နှုန်း ထက်ဝက် ဆုံးရှုံး သုံးစွဲသူများထံ ထက်ဝက်သာရောက်ဟု JICA ပြော

ရန်ကုန်မြို့တွင်းနှင့် ဆင်ခြေဖုန်းရပ်ကွက်များသို့ ရေပေးဝေရေးစနစ်သည် ပိုက်လိုင်းမကောင်းမှု၊ ရေယိုစိမ့်မှုများကြောင့် သုံးစွဲသူများထံ ရာခိုင်နှုန်း ထက်ဝက်သာ ရောက်ရှိပြီး ထက်ဝက်မှာ ဆုံးရှုံးလျက် ရှိနေသည်ဟု ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၏ ရေပေးဝေရေးနှင့် သဘာ၀ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန၊ ကြီးကြပ်ရေးမှူးဖြစ်သူ မစ်(စ)ဆာကူရိုင်က ပြောသည်။

“၂၀၁၁ ခုနှစ်က ကျွန်မတို့ရဲ့ လေ့လာချက်တွေအရ ရန်ကုန်မြို့ရဲ့  ရေပေးဝေမှုတွေမှာ တစ်နှစ်ကို ၅၀ ရာခိုင်နှုန်း လောက် ဆုံးရှုံး နေတာကို တွေ့ရပါတယ်၊ ဒါဟာ ပိုက်လိုင်း မကောင်းတာ တွေကြောင့် ရေယိုစိမ့်မှု အလေအလွင့်တွေ ဖြစ်နေတာပါ”ဟု မစ်(စ)ဆာကူရိုင်က ရန်ကုန်မြို့ ရေပေဝေးရေးစနစ် ချို့ယွင်းချက်များ၏ အဓိက တွေ့ရှိခဲ့ရသည်များကို ပြောသည်။

ထိုအခြေအနေများကြောင့် ရန်ကုန်မြို့တွင်းနှင့် ဆင်ခြေဖုန်းရပ်ကွက်များသို့ ရေပေးဝေရေးစနစ် ပိုမို ကောင်းမွန်စေရန် မဟာစီမံကိန်း (Master Plan) ကို ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် ရန်ကုန်ြမို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) တို့ ပူးပေါင်း လုပ်ဆောင်သွားမည်ဟုလည်း ပြောသည်။

“ ကျွန်မတို့ရဲ့ ဒီမဟာစီမံကိန်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) အတွက် အများကြီး အကျိုးဖြစ်ထွန်းစေမှာ ဖြစ်သလို ဌာနအတွက်လည်း ဝင်ငွေပိုရလာမှာပါ၊ ဒီလိုဝင်ငွေပိုရတော့ ပြည်သူတွေအတွက် ဝန်ဆောင်မှု ကောင်းကောင်း ပေးနိုင်တာပေ့ါ” ဟု မစ်(စ) ဆာကူရိုင်က JICA၏ အဆိုပါ စီမံကိန်းနှင့် ပတ်သက်သည့် ရည်ရွယ်ချက် တစ်ချို့ ပြောသည်။

ထိုရန်ကုန်မြို့ရေပေးဝေရေး မဟာစီမံကိန်း (Master Plan)၏ လေ့လာချက်များ အစပြုခဲ့သည့် ၂၀၁၁ ခုနှစ် မှတ်တမ်းများတွင် ရန်ကုန်မြို့ ရေပေးဝေရေးစနစ်မှ တစ်နှစ်ကို ရာခိုင်နှုန်း ၅၀ခန့် ဆုံးရှုံးနေကြောင်း ဖော်ပြထားသည်။ ထို့အပြင် ထိုလေ့လာမှု သုတေသနမှတ်တမ်းတွင် လာမည့် ၂၀၄၀ ခုနှစ်တွင် ရန်ကုန်မြို့နှင့် မြို့တွင်း ၃၃မြို့နယ်ရှိ လူဦးရေ ၇သန်း နီးပါးကို ရေဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်ထားသည်ဟု ဖော်ပြထားသည်။

ထိုမဟာစီမံကိန်း (Master Plan)သည် ၂၀၁၃ခုနှစ်မှ ၂၀၄၀ ခုနှစ် ကြားကာလအထိ ရန်ကုန်မြို့နှင့် မြို့တွင်း မြို့နယ်များတွင် တိုးတက်များပြားလာမည့် လူဦးရေအပေါ်တွင် အခြေခံထားပြီး ရေရှည်ဖွံ့ဖြိုးမည့် စီးမံကိန်းဖြစ်သည်ဟု JICA ကထုတ်ပြန်ထားသည်။ JICA အနေနှင့် ထိုမဟာစီမံကိန်းမှ ၂၀၄၀ပြည့်နှစ်တွင် ရေဆုံးရှုံးမှုကို ၁၀ရာခိုင်နှုန်းအထိ လျှော့ချပစ်နိုင်မည် ဟုလည်း မျှော်မှန်းထားသည်။

အဆိုပါစီမံကိန်းအတွက် JICA မှ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို ချေးငွေ (ODA) အစီအစဉ်အရ အမေရိကန်ဒေါ်လာသန်းပေါင်း ၂၃၀ချေးပေးရန် သဘောတူညီထားပြီး ဂျပန်ယန်းငွေ ၁.၉ ဘီလီယံကိုလည်း ထောက်ပံ့ငွေ အဖြစ်ကူညီသွားမည်ဖြစ်သည်။

ထို့အပြင် နည်းပညာ အကူအညီအနေနှင့် JICAမှ ကျွမ်းကျင်သူ ၁၀ဦးနှင့် YCDC တို့ ပူးပေါင်း လုပ်ကိုင် နေသည်။ JICAသည် မန္တလေးမြို့တွင်လည်း ရန်ကုန်မြို့ကဲ့သို့ ရေပေးဝေရေး စနစ်အတွက် ချေးငွေနှင့် အထောက်အပံ့များ ပေးသွားရန် စီစဉ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly