ရေကြီး ရေလျှံမှုများ ဖြစ်ပွားနေ၍ အခြေခံစားသောက်ကုန်များ စျေးနှုန်း မတက်ရန် မေတ္တာရပ်ခံ

ရေကြီး ရေလျှံမှုများ ဖြစ်ပွားနေ၍ အခြေခံစားသောက်ကုန်များ စျေးနှုန်း မတက်ရန် မေတ္တာရပ်ခံ
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ သြဂုတ် (၁၃) ။        ။ တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့တွင် ရေကြီးရေလျှံခြင်း လမ်းတံတားများ ပျက်စီး နေခြင်းတို့ကြောင့် အခြေခံ စားသောက်ကုန်များ၏ စျေးနှုန်း မြင့်တက်မှုမရှိစေရန် သက်ဆိုင်ရာမှ ကုန်သည် များကို မေတ္တာရပ်ခံကာ ကုန်စျေးနှုန်းတည်ငြိမ်မှု ရှိစေရန် ထိန်းညှိဆောင်ရွက်ထားကြောင်း သိရ သည်။

သြဂုတ်လအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မြိတ်- ထားဝယ်နှင့် ရန်ကုန်အဝေးပြေးလမ်းမကြီးပေါ်ရှိ လမ်းပိုင်း တချို့တွင် တောင်နံရံများ ပြိုကျခြင်း၊ လမ်းပေါ်သို့ ရေကျော်ခြင်း၊လမ်းများ ပြတ်တောက်ခြင်း တို့ဖြစ်ပေါ်နေချိန်တွင် ကုန်စည် စီးဆင်မှုများ ပြတ်တောက်ကာ အခြေခံ စားသောက်ကုန်များ၏ စျေးနှုန်းများ ရုတ်တရက် မြင့်တက်မည်ကို ပြည်သူများက စိုးရိမ်လျက် ရှိနေကြောင်း သိရသည်။

“လတ်တလောမှာ ရေကြီး ရေလျှံမှုကြောင့် လမ်းတံတားတွေ ပျက်စီးနေတာတွေ ရှိပါတယ်။ ဒီအတွက်ကြောင့် ပြည်သူတွေ စိုးရိမ်နေတဲ့ အခြေခံစားသောက်ကုန်တွေရဲ့ကုန်စျေးနှုန်း မြင့်တက်မည်စိုးရိမ်စိတ် မဖြစ်စေဖို့ မြိတ် မှာရှိတဲ့ စျေးကြီး ၆ စျေးနဲ့ ဆန်ကုန်သည်များ၊ စားသုံးဆီကုန်သည်များနှင့် ကုန်ခြောက်တွေ ရောင်းချနေတဲ့ ကုန်သည်များကို ပုံမှန်စျေးနှုန်းအတိုင်း ရောင်းချပေးဖို့ ကျွန်တော်တို့က ကွင်းဆင်းပြီး မေတ္တာရပ်ခံပေးခဲ့ တယ်” ဟု မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောဆို သည်။

အဆိုပါ ကုန်စျေးနှုန်းများအား တည်ငြိမ်မှုရှိစေရန်အတွက် သြဂုတ်လ ၁၂ ရက်နေ့က မြိတ်မြို့နယ် စည်ပင် သာယာရေးကော်မတီအဖွဲ့၊ ခရိုင်နှင့် မြို့နယ် စည်ပင်သာယာရေး အဖွဲ့တို့က မြိတ်မြို့ပေါ်ရှိ စျေးကြီး ၆ စျေးနှင့် ကြက်ဥမွေးမြူရေးခြံ၊ ဆန်ဆိုင်များ၊ စားသုံးဆီ ဆိုင်များနှင့် ငရုတ်/ ကြက်သွန် ကုန်စုံဆိုင်ကြီးများနှင့် ကုန်စိမ်း စျေးများကို သွားရောက်၍ လက်ရှိဖြစ်ပွားနေသော ရေကြီး ရေလျှံမှုအပေါ် အခွင့်ကောင်းယူကာ ကုန်စျေးနှုန်း တည်ငြိမ်မှု ရှိစေရန် ထိန်းညှိဆောင်ရွက် ပေးခဲ့သည်ဟု သိရသည်။

“ကျွန်တော့် ကြက်ခြံမှထွက်တဲ့ ကြက်ဥတွေ စျေးနှုန်း တိုးမြင့်ရောင်းချတာမျိုး မလုပ်ပါဘူး။ ပုံမှန်စျေးနှုန်း အတိုင်းပဲ ရောင်းချ သွားမှာဖြစ်တယ်။ အခုလည်း သက်ဆိုင်ရာက လာရောက် ညှိနှိုင်းတာပါ။ ဘယ်စျေးနှုန်းနဲ့ ဘယ်လိုရောင်းချပါဆိုတဲ့ ကန့်သက်ချက်နဲ့ လာပြောတာမျိုး မရှိပါဘူး” ဟု ထူးထူးတိုး ဥစားကြက် မွေးမြူရေး ခြံမှ မန်နေဂျာ ဦးသိန်းနိုင်စိုးက ပြောသည်။

လက်ရှိတွင် အခြေခံစားသောက်ကုန်များအနက် အရံဆန် ၄ လ စာ ရှိသည့်အပြင် ဆန်လှေကြီးများ ထပ်မံ ရောက်ရှိလာမည်ဖြစ်သောကြောင့် ဆန်စျေးမြင့်တက်မည် မဟုတ်ကြောင်း၊  စားသုံးဆီစျေးများမှာလည်း တစ်ပိသာလျှင် ၁၈၀၀ ကျပ်နှုန်းဖြင့် ယခင်စျေးနှုန်း အတိုင်းရောင်းချ ပေးသွားမည်ဖြစ်ကြောင်း၊ ကြက်ဥ စျေးနှုန်းမှာလည်း လက်ကားစျေး ၁ လုံး ၁၂၆ ကျပ်မှ ၁၃၀ ကျပ်သာ ရှိကြောင်း၊ ကြက်သွန်၊ငရုတ်နှင့် ကုန်စိမ်း စျေး တချို့မှာ ကားလမ်း အခက်အခဲကြောင့် အနည်းငယ် တက်နေသည်ဟု စျေးကွက်အတွင်းမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required