တနင်္သာရီ မြစ်မကြီး အတွင်း ရေကာတာ စီမံကိန်း တည်ဆောက်မည့် အစီအစဉ် ဒေသခံများ စိုးရိမ်

တနင်္သာရီ မြစ်မကြီး အတွင်း ရေကာတာ စီမံကိန်း တည်ဆောက်မည့် အစီအစဉ် ဒေသခံများ စိုးရိမ်
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ သြဂုတ် (၁၂) ။       ။ မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ တနင်္သာရီ မြစ်ရိုး တလျှောက်တွင် ရေအား လျှပ်စစ် ထုတ်လုပ်ရန် ရေကာတာ စီမံကိန်း တည်ဆောက်ရန် အစီအစဉ်ကို ဒေသခံ တချို့က စိုးရိမ် ပူပန်းမှု ရှိနေသည်ဟု သြဂုတ်လ ၁၂ ရက်နေ့က`စွမ်းအင် အတွက် ကျွန်ုပ်တို့၏ ဆာလောင်ခြင်း`ဟု ခေါင်းစဉ်ဖြင့် မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု ရှမ်းချောင်းရပ်ကွက်တွင် မိတ်ဆက် ပြုလုပ်ခဲ့ကြောင်း သိရ သည်။

ထားဝယ် မြစ်ဖျားခံရာ တနင်္သာရီ မြစ်ရိုး တလျှောက်ရှိ စီးဆင်းနေသည့် နေရာများတွင် ရေအား လျှပ်စစ်မီး ထုတ်လုပ်ရန် အတွက် ပြည်တွင်း ပြည်ပမှ ကုမ္ပဏီများက စမ်းသပ်မှုများ ရှိနေပြီး၊ လက်ရှိ အချိန် အထိ အကောင် အထည်ဖော် ဆောင်ရွက်နေခြင်း မရှိသေး သော်လည်း စီမံကိန်း ဖြစ်ပေါ်လာပါက ဒေသခံ ဌာနေ တိုင်းရင်းသားများ ပြောင်းရွှေ့ ရမည်ကို စိုးရိမ်မှုများ  ရှိနေ၍ လက်မခံ နိုင်ကြောင်း သိရ သည်။

တနင်္သာရီမြို့နယ် သာရဘွင်ကျေးရွာနေ ကိုစောရာယ်နယ်က “ရေကာတာ စီမံကိန်းနဲ့ ပတ်သက်ပြီး၊ ကျွန်တော်တို့ ဒေသခံ ဌာနေတိုင်းရင်းသားတွေကို လုံးဝ လာရောက် ချပြ ရှင်းလင်း ပေးတာမျိုး မရှိသေးဘူး၊ ကျွန်တော်တို့ စိုးရိမ်တာက ဒီစီမံကိန်းတွေ ဝင်ရောက် လာရင် ရွာတွေ လူနေအိမ်တွေ ပြောင်းရွှေ့ ရမှာကို စိုးရိမ်နေတာ ဖြစ်တယ်၊ ဖြစ်နိုင်ရန် ဘယ်လိုမျိုး ဘယ်ပုံ ပြုလုပ်မယ် ဆိုတာ တိတိ ကျကျ ချပြပေးစေချင်တယ်”ဟု ပြော သည်။

ရေကာတာ စီမံကိန်းနျင့်  ပတ်သက်၍ တနင်္သာရီ မြစ်မှာ ရေအား လျှပ်စစ် တည်ဆောက်ရန် အတွက် လွန်ခဲ့သည့် နှစ်များက ကုမ္ပဏီတစ်ခုက ဒေသခံများနျင့်  သွားရောက် တွေ့ဆုံမှု ပြုလုပ်ခဲ့ရာ ကန့်ကွက်မှုများ  ရှိခဲ့ကြောင်း သိရ သည်။  လက်ရှိတွင်လည်း  ကုမ္ပဏီ ၁၈ ခုခန့်က ၄င်း မြစ်အပေါ်တွင်  ရေကာတာ စီမံကိန်း ပြုလုပ်ရန်  စိတ်ဝင်စားမှုများ  ရှိနေသည်ဟု  လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဦးအောင်သူရထံမှ သိရ သည်။

“ရေကာတာ စီမံကိန်းတွေ ဖြစ်ပေါ်လာရင် ဒေသခံတွေ ပြောင်းရွှေ့ရမယ်၊ ရေကြီး ရေလျှံမှုတွေ ဖြစ်လာနိုင်တယ်၊ နောက်ပြီး၊ မြစ်ထဲမှာ ရှာဖွေ စားသောက်နေတဲ့ ငါးနဲ့  ရေနေသတ္တဝါ မျိုးစိတ်တွေ မျိုးတုန်းသွားနိုင် သလို ပရဆေးပင်နှင့် သီးရွက်ပင်တွေလည်း ရှာဖွေ စားသောက်ဖို့ ခက်ခဲ သွားနိုင်တယ်”လို့ တောင်ပိုင်လူငယ်ကွန်ယက်မှ စီမံကိန်းဒါရိုက်တာ ဦးစံငွေက ပြော သည်။

လက်ရှိတွင်  NGO အဖွဲ့စည်း လေး ခုမှ စုပေါင်းပြီး အစီရင်ခံစာ တစ်စောင်နှင့် သုတေသန ပြုချက်များ ဖြစ်သည့်  “ဒေသခံပညာ ဗဟုသုတ အခြေပြု သုတေသန”  စာအုပ် နှစ် အုပ်ကို “စွမ်းအင် အတွက် ကျွန်ုပ်တို့၏ ဆာလောင်ခြင်း” အခမ်းအနားတွင် ဖြန့်ဝေ မိတ်ဆက်ခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly