သောက်ပြီးသား ရေသန့်ဘူးခွံကို ရေပြန်ထည့်သောက်တာ မလုပ်သင့်ပါ

သောက်ပြီးသား ရေသန့်ဘူးခွံကို ရေပြန်ထည့်သောက်တာ မလုပ်သင့်ပါ

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေသန့်ဘူးဝယ်သောက်တယ်၊ အိမ်က လူကြီးတွေက ဘူးအကောင်းတွေမို့ နှမျောပြီး ပြန်ဆေးပြီးသုံးတယ်။ ရေကုန်သွားရင် ရေပြန်ဖြည့်ပြီး သောက်ရေဘူးအဖြစ်သုံးကြတယ်။ သေချာဆေးကြောလိုက်ရင် ရပြီလို့ ထင်ကြတယ်။ တချို့နေရာတွေမှာဆို ရေသန့်ဘူးခွံတွေစုပြီး ရေပြန်ဖြည့်၊ ရေခဲရေရောင်းကြတယ်။ ဒါတွေအားလုံးက မလုပ်သင့်တဲ့အရာတွေပါ။

ပလတ်စတစ်ရေဘူးတွေအသုံးပြုတာ သိပ်ကိုများနေတာကြောင့် သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်တဲ့အနေနဲ့ သုံးလို့ရသလောက် ပြန်လည်အသုံးပြု(recycle)လုပ်ဖို့ အကြံပြုထားကြပါတယ်။ ဒါပေမယ့် သောက်သုံးရေလို အရေးပါတဲ့အရာအတွက် ဒီလိုပြန်အသုံးပြုတဲ့အခါ ဘေးအန္တရာယ်ကင်းမကင်းကို အရင်ဦးစားပေးဖို့ အရေးကြီးပါတယ်။
ဘာတွေဖြစ်လာနိုင်လဲ
ဘက်တီးရီးယားပေါက်ဖွားမှု

ပလတ်စတစ်ရေဘူးတွေကို ဆပ်ပြာနဲ့ဆေးကြောကြပေမယ့် ထောင့်တွေ၊ အတွန့်တွေမှာ ဘက်တီးရီးယားတွေကပ်တွယ်ပေါက်ဖွားနိုင်ပါတယ်။ အပေါက်ကျဉ်းပြီး ဆေးကြောလို့မလွယ်တဲ့ ရေသန့်ဘူးတွေထဲမှာ မမြင်ရတဲ့ပိုးမွှားတွေပေါက်ဖွားနေမှာ ကြောက်စရာပါနော်။ norovirus လို ကြောက်စရာဗိုင်းရပ်စ်တွေလည်း ပြန့်ပွားနိုင်ပါသေးတယ်။ ရေဘူးနှုတ်ခမ်းဝကို ထိတွေ့မိသမျှ( ကိုယ့်လက်၊ ပါးစပ်နဲ့ ဖုန်မှုန့်တွေကနေ ဘက်တီးရီးယားတွေကပ်ကျန်ရစ်ခဲ့တာများပါတယ်။
ကွဲအက်မှု

တစ်ခါသုံးအတွက်ရည်ရွယ်တဲ့ ပလတ်စတစ်ပစ္စည်းတွေကို ပြန်လည်သုံးတဲ့အခါ အက်ရာသေးသေးလေးတွေဖြစ်လာတတ်တယ်။ အဲဒီအက်ရာလေးတွေထဲမှာ ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေပေါက်ဖွားလာနိုင်ပြီး ဆေးကြောလိုက်တဲ့အခါလည်း သူတို့ကိုဖယ်ရှားဖို့မလွယ်ပါဘူး။
ဓာတုပစ္စည်း ယိုစိမ့်မှု

ပလတ်စတစ်ရေဘူးတွေကို ပြန်သုံးတဲ့အခါ ရေထဲကို ဓာတုပစ္စည်းတွေစိမ့်ထွက်တာဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် polyethylene terephthalate (PET) နဲ့ ထုတ်လုပ်တဲ့ ရေဘူးအပါအဝင် ပလတ်စတစ်ဘူးတွေ၊ ခွက်တွေကို အခါခါသုံးလို့ဘေးကင်းပါတယ်လို့ ကျန်းမာရေးပညာရှင်တွေကပြောကြပါတယ်။ ဒါပေမယ့် ကိုယ်သောက်နေတဲ့ဘူးက PET ပါလို့ သေချာရဲ့လားဆိုတဲ့အချက်က အဓိကကျနေပါတယ်။

ဒါ့ကြောင့် ရေသန့်ဘူးတွေကို တစ်ကြိမ်၊ နှစ်ကြိမ်ထက်ကျော်ပြီး သောက်ရေဘူးအဖြစ် ပြန်လည်အသုံးပြုတာမျိုး ရက်ပေါင်းတာရှည်မသုံးသင့်ပါဘူး။ ဘယ်လောက်ပဲဆေးကြောထားတယ်ပြောပြော အတွင်းမှာ ပိုးမွှားကပ်နေနိုင်တယ်၊ ပွန်းရာအက်ရာလေးတွေမှာ ဆေးကြောမရအောင် ဘက်တီးရီးယားတွေကပ်ကျန်နေနိုင်တယ်၊ ဆပ်ပြာတွေလည်းကပ်ကျန်နိုင်တယ်။ သုံးတာကြာလာတဲ့ ဒါမှမဟုတ် မသောက်ဘဲထားမိတဲ့ ရေဘူးတွေမှာ မှိုနံ့လိုလို အနံ့တွေဖြစ်လာတာ၊ ချွဲတာတွေ တွေ့ဖူးတယ်မလား။

ထပ်ပြီး သတိပေးချင်တာက ရသန့်ဘူးဟာ ရေဘူးမဟုတ်ပါ။ ကြာရှည်စွဲသုံးသင့်တဲ့ ဘူးခွံမဟုတ်ပါဘူး။ ကမ္ဘာအနှံ့မှာပြောကြတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့အတွက် ပြန်လည်အသုံးချကြပါ (reuse )ဆိုတဲ့ အချက်က သောက်ရေဘူးအဖြစ် သုံးဖို့မဟုတ်ပါဘူး။ ဥပမာ ဆပ်ပြာရည်ထည့်တာမျိုး၊ တခြားပစ္စည်းတွေထည့်ဖို့ တနည်းနည်းနဲ့ ပြန်အသုံးချဖို့ရည်ရွယ်တာပါ။ ကိုယ့်ဗိုက်ထဲကိုရောက်မယ့် သောက်သုံးရေဟာ အတတ်နိုင်ဆုံး သန့်ရှင်းလတ်ဆတ်နေပြီး ညစ်ညမ်းမှုကင်းစင်နေသင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required