မန်ယူ ၄-၀ ချယ်လ်ဆီးပွဲစဉ်အပြီး ဆိုးလ်ရှားနဲ့ လမ်းပတ်တို့ ဘာတွေ ပြောသွားခဲ့သလဲ

မန်ယူ ၄-၀ ချယ်လ်ဆီးပွဲစဉ်အပြီး ဆိုးလ်ရှားနဲ့ လမ်းပတ်တို့ ဘာတွေ ပြောသွားခဲ့သလဲ
Photos: AFP

မန်ချက်စတာယူနိုက်တက်နဲ့ ချယ်လ်ဆီအသင်းတို့ရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ယူနိုက်တက်က ချယ်လ်ဆီးကို (၄-၀)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားနဲ့ ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်တို့ ဒီပွဲစဉ်အပေါ် အသီးသီးဆွေးနွေးသုံးသပ်သွားခဲ့ကြပါတယ်။

ယူနိုက်တက်အတွက် ဂိုးတွေကို ရှပ်ဖို့ဒ်က (၂)ဂိုး သွင်းယူခဲ့သလို မာရှယ်နဲ့ ဂျိမ်းစ်တို့က (၁) ဂိုးစီ သွင်းယူနိုင်ခဲ့ကြပါတယ်။ ဒါ့ကြောင့် ယူနိုက်တက်ဟာ ပွဲစဉ် (၁) ကစားအပြီးမှာ ရမှတ် (၃)မှတ်အပြည့်ရယူနိုင်ခဲ့လို့ အမှတ်ပေးဇယားရဲ့ အဆင့် (၂)မှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးနည်းပြ ဖရန့်လမ်းပတ်က သူ့အသင်းဟာ ယူနိုက်တက်နဲ့ပွဲမှာ အမှားအယွင်းတွေပြုလုပ်မိခဲ့တယ်လို့ ဝန်ခံပြောဆိုခဲ့ပြီး ဒီအမှားတွေကြောင့် ဂိုးပြတ်အရေးနိမ့်ခဲ့ရတယ်လို့ ပြောဆိုလိုက်ပါတယ်။

"ကျနော်တို့ မိနစ် ၆၀ လောက်အထိ ပွဲကို ထိန်းချုပ်ခဲ့ပါတယ်။ ဒီနေ့ပွဲတစ်ပွဲလုံးကို ကြည့်မယ်ဆိုရင် ဒီပွဲဟာ ၄-၀ ပွဲ မဟုတ်ခဲ့ပါဘူး။ ပွဲချိန်အတော်များများမှာ အဲဒီလိုပွဲမျိုး မဟုတ်ခဲ့ပါဘူး။  ဒါပေမယ့် ကျနော်တို့ ဒါကို လက်ခံဖို့တော့ လိုပါတယ်။

"ဒုတိယပိုင်းမှာ ကျနော်တို့ ပွဲကို ဦးဆောင်သင့်ပါတယ်။ အဲနောက်မှာတော့ အမှားနှစ်ကြိမ်ကနေ ဒုတိယဂိုးနဲ့ တတိယဂိုးတွေ ပေးလိုက်ရလို့ သူတို့အတွက် ကစားရတာ ပိုပြီး လွယ်ကူသွားစေခဲ့ပါတယ်။

"သူတို့ဟာ တန်ပြန်တိုက်စစ်အသင်းဖြစ်ပြီး လျင်မြန်တဲ့ တိုက်စစ်မှူးတွေ ရှိနေခဲ့တာကြောင့် ဘောလုံးဆုံးရှုံးပြီး ကိုယ့်ကို ကျော်ဖြတ်ခွင့်ပေးလိုက်မယ်ဆိုရင် ကောင်းကောင်း ဒုက္ခပေးနိုင်မယ့် အသင်းပါ။ ပထမပိုင်းမှာ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ဒီပွဲကနေပဲ သင်ခန်းစာတွေ ရရှိခဲ့ပါတယ်။ ဒီလိုအဆင့် ပွဲစဉ်တွေမှာ အမှားအယွင်း ပြုလုပ်လို့ မရပါဘူး။

"ကျနော်တို့ဟာ နိုင်ငံတကာပွဲစဉ် သွားရောက်နေရတဲ့ ကစားသမားတွေနဲ့ ကစားသမားကြီးတွေ လွဲချော်နေပါတယ်။ ဒါပေမယ့် ကျနော်က အဲဒီအချက်ကို မလိုလားပဲ ဆင်ခြေအနေနဲ့လည်း မပေးချင်ပါဘူး။ 

"ဒါ့ကြောင့် ဒီပွဲကနေ အားသာချက်၊ အားနည်းချက်တွေကို ပြန်လည် သုံးသပ်ပြီး လာမယ့် ဗုဒ္ဓဟူးနေ့ စူပါဖလားပွဲစဉ်၊ ပထမဆုံး အိမ်ကွင်းပွဲစဉ် တွေအတွက် ပြင်ဆင်ရတော့မှာပါ။ "

ချယ်လ်ဆီးဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲကို အိုးလ်ထရက်ဖို့ဒ်မှာ သွားရောက်ကစားခဲ့ရပြီး (၄)ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာက (၅၆)နှစ်အအတွင်း ယူနိုက်တက်ကို အကြီးမားဆုံး ရှုံးနိမ့်မှုဖြစ်လာစေခဲ့ပါတယ်။

ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဆိုးလ်ရှားက "ကျနော်တို့ ဒုတိယပိုင်းမှာ ပိုကောင်းလာခဲ့ပါတယ်။ ခံစစ်က အကောင်းဆုံးပုံစံရရှိပြီး တန်ပြန်တိုက်စစ်နဲ့ ဘောလုံးကို တည်ငြိမ်အောင် ထန်းချုပ်နိုင်ခဲ့ပါတယ်။

“ပွဲမတိုင်ခင်က ကျနော့် ကောင်လေးတွေကို သေချာပြောပြထားပါတယ်။ ကျနော်တို့ဟာ ကိုယ်ယုံကြည်တဲ့ နည်းလမ်းတစ်ခုကို ရှာတွေ့ထားပြီး ဒီအတိုင်းဖြစ်မြောက်အောင် ကစားသွားဖို့ လိုပါတယ်။ လေ့ကျင့်ပြင်ဆင်ထားတဲ့အတိုင်း ကွင်းထဲမှာ အကောင်းဆုံးကြိုးစားဖို့ သူတို့ကို ပြောခဲ့ပါတယ်။

ကျနော်တို့ အရဲစွန့် ရွေးချယ်ခဲ့တယ်ဆိုတာ ကျနော် သိရပါတယ်။ ဒါပေမယ့် ဒီလမ်းစဉ်ဟာ … ဒီရလဒ်ကို ရဖို့ လုပ်ခဲ့တာပါ။ ပြီးတော့ ကျနော် ကောင်းကောင်း စဉ်းစားခဲ့တာက ဒါဟာ စွန့်စားမှုဖြစ်ပြီး ဒီနေ့မှာတော့ ကျနော်တို့ ဆုလာဘ်တစ်ခု ပိုင်ဆိုင်ခဲ့ပါတယ်။”

ဒီပွဲကို ယူနိုက်တက်ရဲ့ ဂန္တဝင်နည်းပြကြီးဖြစ်တဲ့ ဖာဂူဆန် လာရောက် ကြည့်ရှုခဲ့သလို ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ရဲ့ နည်းပြဟောင်း မော်ရင်ဟိုကတော့ ပြိုင်ပွဲရဲ့ ဝေဖန်သူအဖြစ် ပါဝင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly