မြန်မာ့သဘာဝဘေးအတွက် ဂျပန်နှင့် ကိုရီးယားတို့မှ ဆန်တန်ချိန် ၈၀၀ လှူဒါန်း

မြန်မာ့သဘာဝဘေးအတွက် ဂျပန်နှင့် ကိုရီးယားတို့မှ ဆန်တန်ချိန် ၈၀၀ လှူဒါန်း
 ဓာတ်ပုံ - MOI Webportal Myanmar

ရန်ကုန်၊ သြဂုတ် ၁၂ ။                 ။ မြန်မာနိုင်ငံတွင်ကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များအတွင်း ထိခိုက်နစ်နာသောပြည်သူများအားထောက်ပံ့ရန် ဂျပန်နှင့် ကိုးရီးယားနိုင်ငံတို့မှ အရံဆန်တန်ချိန် ၈၀၀ ကိုလှူဒါန်းခဲ့ကြောင်း အစိုးရမှသတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံသည်အာဆီယံ ၁၀ နိုင်ငံနှင့် ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံများဖြင့် ဖွဲ့စည်း ထူထောင်ထားသော (အာဆီယံ+၃ ) အရေးပေါ် အရန် ဆန်ရိက္ခာအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည်။

ထို့ကြောင့် ထိခိုက်နစ်နာသော ပြည်သူများအား ထောက်ပံ့နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေး ဦးစီး ဌာနက APTERR အတွင်းရေးမှူးချုပ်ရုံးနှင့် ဆက်သွယ်၍ Tier-3 အစီ အစဉ်အရ ဂျပန်နှင့် ကိုရီးယား သမ္မတနိုင်ငံတို့မှ လှူဒါန်း ထောက်ပံ့ သည့် ဆန်များကို ဆက်သွယ်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယခုနှစ်တွင် ဂျပန်နိုင်ငံမှ ဆန်တန်ချိန် ၃၀၀ နှင့် ကိုရီးယားသမ္မတနိုင်ငံမှ ဆန်တန်ချိန် ၅၀၀ တို့ကို အရန်ဆန်အဖြစ် သိုလှောင်ထားရန် ရရှိခဲ့ခြင်းဖြစ်ကြောင်း လည်းသိရသည်။

ကိုရီးယားသမ္မတနိုင်ငံမှ ရရှိသော ဆန်တန်ချိန် ၅၀၀ ကို ရန်ကုန် တောင်ပိုင်းခရိုင် သန်လျင်မြို့ရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် ဂိုဒေါင်တွင် သိုလှောင်ထားကြောင်း အစိုးရထုတ်ပြန်ချက်အရသိရသည်။

အလားတူ ဂျပန်နိုင်ငံမှ လှူဒါန်းသော ဆန်တန်ချိန် ၃၀၀ မှာ ဩဂုတ် ၃ ရက်က ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး နေပြည်တော် ဇေယျာ သီရိမြို့နယ်ရှိ စိုက်ပျိုးရေး ဦးစီးဌာနပိုင် ဆန်သိုလှောင်ရုံသို့ သယ်ယူခဲ့ရာ ဩဂုတ် ၉ ရက်တွင် ရောက်ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly