တောင်မြေပြိုသောနေရာတွင် ထပ်မံပြိုကျနိုင်သည့် အလားအလာရှိ

တောင်မြေပြိုသောနေရာတွင် ထပ်မံပြိုကျနိုင်သည့် အလားအလာရှိ
ဓာတ်ပုံ-Sai Aung MAIN/AFP

သြဂုတ် ၁၁ ။          ။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမဘေးရှိ ကုလားမတောင်တန်း၏ မလတ်တောင်ပြိုကျမှုကြောင့် သဲဖြူကုန်းကျေးရွာသို့ မြေများပိမိခဲ့ရာ ထပ်မံပြိုကျနိုင်သည့် ဟု ပညာရှင်များက လေ့လာသုံးသပ်ထားကြောင်း ပေါင်မြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်း က ပြောသည်။

သြဂုတ် ၁၁ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရဘက်မှ တာဝန်ရှိသူများ ၊ လွှတ််တော်ကိုယ်စားလှယ်များ ၊ တပ်မတော်မှ တာဝန်ရှိသူများ ၊ လမ်းတံတားမှ တာဝန်ရှိသူများ၊ ရန်ကုန်မီးသတ်တပ်ဖွဲ့မှ ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့်အဖွဲ့က အဆိုပါတောင်ကို Drone ဖြင့် စစ်ဆေးခဲ့ပြီးနောက် ထပ်မံပြိုကျနိုင်သည်ဟု သုံးသပ်ခဲ့ခြင်း ဖြစ်သည်။

“အဲဒီကိစ္စကို ရန်ကုန်က ထွက်လာတဲ့ ပညာရှင်တွေ Drone နဲ့ သေချာစမ်းသပ်ပြီးတော့ အပေါ်ကို သေသေချာချာ အနေအထားကို ကြည့်တယ်။ အားလုံး သုံးသပ်ကြတာပေါ့။ အက်ကြောင်းကကျန်နေသေးတယ်။ နောက် ကျောက်တုံးအကြီးကြီးကလည်း နှစ်ခြမ်းကလည်း အက်နေတုန်း ရှိသေးတယ်။နှစ်ဆင့်ပေါ့။ နောက်တစ်ဆင့်က အပေါ်အဆင့်က အက်ကြောင်းကလည်း လိုက်နေတယ်။ အောက်အဆင့်က ကျောက်တုံးကလည်း ကပ်နေတဲ့ ကျောက်တုံးကြီးကလည်း အက်နေပြီး နှစ်ခြမ်းလိုက်နေတယ်။ မိုးကြီးကြီး၊ မိုးတအားကြီးတဲ့မိုး ရွာချမယ်ဆို မခံနိုင်တော့ဘူး။အပေါ်ကတစ်ဆင့်ကလည်း ပြိုကျလာနိုင်တယ်။တကယ်လို့ အပေါ်က အဆင့်က အက်ကြောင်းက မြေက ပြိုလိုက်လို့ အောက်ကကျောက်ကို ကျမယ်ဆို ဒီကျောက်ကလည်း နဲ့နေတာဆိုတော့ ဒီဟာက သေချာပေါက် အောက်ကို လိမ့်ဆင်းလာနိုင်တယ်။ အဲဒါကို သုံးသပ်ထားတယ် “ ဟု မွန်ပြည်နယ်၎င်း ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းက မဇ္ဈိမသို့ ပြောသည်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမဘေး ရှိ ကုလားမတောင်တန်း၏ မလတ်တောင်ပြိုကျမှုကြောင့် သြဂုတ် ၉ ရက်နေ့ နံနက်ပိုင်းက သဲဖြူကုန်းကျေးရွာပေါ်သို့  မြေများ ပိမိခဲ့ပြီး လူအများအပြား သေဆုံးခဲ့သည်။

ထိုသို့ လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် မွန်ပြည်နယ်အစိုးရအနေဖြင့် ကျွမ်းကျင်ပညာရှင်များဖြင့် အဆိုပါတောင်တန်းကို စစ်ဆေးနခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့လုပ်ဆောင်တဲ့အပေါ်မှာပဲ ကျွန်မတို့က ဖြိုချရင် ကောင်းမလား ၊ ဒီအတိုင်းထားရင် ကောင်းမလား၊ ပညာရှင်တွေပဲ သုံးသပ်လို့ရမယ်။ဒီဟာကိုမိုင်း သွားခွဲလိုက်ရင်လည်း လှိုင်းတွေဖြစ်ပြီး ထပ်ပြိုကျကုန်မှာလည်း စိုးတယ်။ ဒါက ပညာရှင်တွေ သုံးသပ်ကြတာပါ။ ကျွန်မတို့ကတော့ မသုံးသပ်တတ်ဘူး။ ဒီဟာကို ဇုန်တစ်ခု သတ်မှတ်တယ်ဆိုတာ လမ်းသွားလမ်းလာ ၊ကား တွေ ဖြတ်သွားဖြတ်လာဆိုတော့ ညဘက် ဖြစ်ရင် စိုးရိမ်လို့ပါ “ဟု ကိုယ်စားလှယ် မိကွန်ချမ်းက ပြောသည်။

ကျွမ်းကျင်ပညာရှင် သုံးသပ်ထားသည့် အကြောင်းအရာများနှင့် အဆိုပါတောင်ကို Drone ဖြင့် ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းကို ပြည်နယ်အစိုးရမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဆင့်သို့ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် လာရောက်ကြသည့် ပညာရှင်အများစုက လတ်တလော သုံးသပ်ထားကြပြီး ကျွမ်းကျင်သည့် ဘူမိဗေဒပညာရှင်များအနေဖြင့် လာရောက်တိုင်းတာတွက်ချက်မှသာ ပြိုကျမည် ဖြစ်နိုင်၊ မဖြစ်နိုင်ကို ပိုမိုသိရှိမည် ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ် ၉ ရက်နေ့ နံနက်ပိုင်းက ကုလားမတောင်တန်း၏ မလတ်တောင်ပြိုကျမှု ကြောင့် သဲဖြူကုန်းကျေးရွာကို မြေကြီးများ ပိမိခဲ့ရာ သြဂုတ်လ ၁၁ ရက်နေ့ နောက်ဆုံးသတင်းများအရ သေဆုံးသူရုပ်အလောင်း ၅၃ လောင်းထိ တွေ့ရှိထားပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required