ရေဘေးကယ်ဆယ်ထောက်ပံ့မှုများဆောင်ရွက်ရန် ရေးသို့ လူကယ်ပြန်ဝန်ကြီး သွားရောက်

ရေဘေးကယ်ဆယ်ထောက်ပံ့မှုများဆောင်ရွက်ရန် ရေးသို့ လူကယ်ပြန်ဝန်ကြီး သွားရောက်
ဓာတ်ပုံ-Myanmar Fire Services Department

ရန်ကုန် ၊ သြဂုတ် ၁၁ ။          ။ ရေကြီးနစ်မြုပ်မှုဒဏ် ခံစားနေရသည့် မွန်ပြည်နယ်၊ ရေးမြို့ကို ရေဘေးကယ်ဆယ်ထောက်ပံ့မှုများ ဆောင်ရွက်ရန် သွားရောက်နေပြီဖြစ်ကြောင်း လူကယ်ပြန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက သူ့၏ လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ် ၁၁ ရက်နေ့ နံနက် ကိုးနာရီခွဲခန့်တွင် ရေးသားထားသည်။

ရာသီဥတုအခြေအနေကြောင့် ရဟတ်ယာဉ်ဆင်းသက်ရန် အဆင်မပြေသဖြင့် မော်တော်ယာဉ်များဖြင့် သွားရောက်နေသည်ဟုလည်း ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

သြဂုတ် ၁၀ ရက်နေ့ ညပိုင်းက ညတွင်းချင်းပို့ဆောင်ခဲ့သည့် ကူညီကယ်ဆယ်ရေးလှေများသည် ရေးမြို့ကို ရောက်ရှိနေပြီး နောက်ထပ် ကယ်ဆယ်ရေးလှေ ၂၆ စီးကိုလည်း ဆက်လက်ပို့ဆောင်ရန် စီစဉ်ပြီးဖြစ်သည်ဟု ၄င်းက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

လက်ရှိအခြေအနေတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီး ရေဘေးဒဏ်သင့် ပြည်သူများအတွက် စားနပ်ရိက္ခာများ လိုအပ်နေသည်ဟု မွန်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၈) မှဦးမျိုးဝင်းက သြဂုတ် ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

“အခုက နည်းနည်းလေး တည်ငြိမ်လာပြီ။ ရေက တစ်ပေလောက် ပြန်ကျလာပြီ။ မိုးမရွာဘူး၊ ကယ်ဆယ်ရေးတွေလည်း အထိုက်အလျောက် နည်းနည်းနိုင်နင်းလာပြီ၊ ညက ရေက လေးပေ၊ ငါးပေလောက်အထိ တက်ခဲ့တာ၊ အခု တစ်ပေလောက် ပြန်ကျသွားပြီ” ဟု ဆိုသည်။

ရေးမြို့နယ်နှင့် ရေဖြူမြို့နယ် နှစ်ခုဆုံသည့်နေရာ မလွှဲတောင်အနီးတွင်လည်း ရန်ကုန် - ကော့သောင်း ကားလမ်းပိုင်း နှစ်နေရာ ပြတ်တောက်ခဲ့ပြီး ရက်ရှည်ပြုပြင်သွားရဖွယ်လည်း ရှိနေသည်။ ယင်းအတွက်ကြောင့် မွန်၊ ရေး၊ ထားဝယ်၊ တနင်္သာရီတိုင်းသို့ပြေးဆွဲနေသည့် ကားလိုင်းအချို့မှာ ရပ်နားထားရသည်။

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ဩဂုတ်လ ၁၁ ရက်မှ ၁၄ ရက်အတွင်း မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးရွာနိုင်သည်ဟုလည်း သတိပေးထားသည်။

သြဂုတ်လ ၁၀ ရက်နေ့ ညပိုင်းအထိ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ရရှိထားသည့် သတင်းအချက်အလက်များအရ မော်လမြိုင်၊ ရေး၊ ကျိုက်မရော၊ သံဖြူဇရပ်၊ မုဒုံ၊ သထုံနှင့် ဘီးလင်းမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအများစု၌ ရေကြီး၊ရေလျှံမှု ဖြစ်ပွားကာ သြဂုတ်၁၀ ရက်အထိ အိမ်ခြေ ၂,၀၅၃ လုံး၊ အိမ်ထောင်စု ၄,၅၈၁ စုတို့မှ လူ ၁၁,၀၇၆ ဦး ရေဘေးသင့်နေပြီး ကယ်ဆယ်ရေးစခန်း ၆၃ ခုတွင် ပြောင်းရွှေ့ခိုလှုံနေရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly