အမြွှာလေးလိုချင်တယ်ဆိုတဲ့ မေမေတို့အတွက်

အမြွှာလေးလိုချင်တယ်ဆိုတဲ့ မေမေတို့အတွက်

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


အမြွှာလေးတွေချစ်တယ်။ အမြွှာကိုယ်ဝန်ဆောင်ချင်တယ်။ အမြွှာကိုယ်ဝန်ရအောင်လုပ်လို့ရလား၊ ဘယ်လိုအချက်တွေက အမြွှာကိုယ်ဝန်ဆောင်နိုင်ခြေပေါ်မှာ မူတည်နေတာလဲဆိုတာကို သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေး ဖတ်ကြည့်စေချင်ပါတယ်။
အမြွှာကိုယ်ဝန်ဆောင်နိုင်ခြေပေါ်မှာ သက်ရောက်နေတဲ့ အချက်တွေက ဘာတွေများလဲ…..

အမြွှာကိုယ်ဝန်ရရှိနိုင်ခြေပေါ်ကို သက်ရောက်နေတဲ့အချက်က တစ်ချက်မကရှိနေနိုင်ပါတယ်။

မျိုးရိုးရှိတာ

မိဘမျိုးရိုးထဲမှာ အမြွှာကိုယ်ဝန်ရရှိဖူးတာမျိုးရှိမယ်ဆိုရင် အခြားသူထက် အမြွှာကိုယ်ဝန်ရရှိနိုင်ခြေက ပိုများပါတယ်။

မိခင်အသက်က ၃၅ နှစ်ကျော်နေတာ

ကိုယ်ဝန်ဆောင်မေမေရဲ့ အသက်က ၂၅ နှစ်အောက်ဆိုရင် အမြွှာကိုယ်ဝန်ဆောင်နိုင်ခြေက ၂ ရာခိုင်နှုန်းလောက်ပဲရှိပြီး ကိုယ်ဝန်ဆောင် မေမေရဲ့အသက်က ၃၅ နှစ် ကနေ ၃၉ နှစ်အတွင်းဆိုရင်တော့ အမြွှာကိုယ်ဝန်ရရှိနိုင်ခြေက ၅ ရာခိုင်နှုန်းအထိရှိပါတယ်။ အသက်၄၀ အထက်ဆိုရင် အမြွှာကိုယ်ဝန်ရရှိနိုင်ခြေက ၇ ရာခိုင်နှုန်းအထိရှိပါတယ်။

မိခင်အရပ်က ၅ ပေ ၅ လက်မဝန်းကျင်ရှိနေတာ

တကယ်လို့ သင်က ပုံမှန်ထက် အရပ်ပိုမြင့်တဲ့သူတစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ အမြွှာကိုယ်ဝန်ရရှိနိုင်ခြေကလည်း ပိုများနေနိုင်ပါတယ်။ အရပ် ၅ ပေ ၅ လက်မဝန်းကျင်ရှိနေတဲ့ လေဒီလေးတွေမှာ insulin-like growth factor (IGF) လို့ခေါ်တဲ့ ဟော်မုန်းပမာဏက ပုံမှန်ထက်ပိုများပါတယ်။ ဒီအခြေအနေကပဲ မျိုးအောင်နိုင်စွမ်းကို မြင့်တက်စေပြီး အမြွှာကိုယ်ဝန်ရရှိနိုင်ခြေများစေတာပါ။

မိခင်ရဲ့ BMI (ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း) က ၃၀ ထက်ပိုနေတာ

တကယ်တော့ BMI ၃၀ အထက်ဆိုတာက ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်ပိုများနေတာပါ။ အံ့သြစရာကောင်းတဲ့အချက်တစ်ခုက အဝလွန်နေတဲ့ မေမေတွေက အခြားသူတွေထက် အမြွှာကိုယ်ဝန်ရရှိနိုင်ခြေပိုများနေတယ်ဆိုတာပါပဲ။

ဘေဘီလေးတွေ အများကြီးပိုင်ဆိုင်ထားတာ

ဘေဘီလေးတွေအများကြီး မွေးထားတဲ့ မေမေတွေက ပုံမှန်ထက် အမြွှာကိုယ်ဝန်ရရှိနိုင်ခြေပိုများပါတယ်။

ကိုယ်ဝန်ရှိနေချိန်မှာ ကလေးကိုနို့ချိုတိုက်ကျွေးတာ

အမြွှာကိုယ်ဝန်ရရှိနိုင်ခြေနဲ့ပတ်သက်ပြီး နောက်ထပ် အံ့သြစရာအချက်တစ်ခုက ကိုယ်ဝန်ရှိနေပေမယ့် အစောပိုင်းက မွေးထားတဲ့ ကလေးလေးကို နို့ချိုတိုက်ကျွေးနေတာကြောင့်လည်း အမြွှာကိုယ်ဝန်ရရှိနိုင်တယ်ဆိုတဲ့ အချက်ပါ။ ကိုယ်ဝန်ရှိနေချိန်မှာ ကလေးလေးကို နို့တိုက်နေမှုက အမြွှာကလေးလေးတွေရရှိနိုင်ခြေကို ပိုများစေပါတယ်။ အကြောင်းကတော့ နို့တိုက်မေမေတွေက အခြားသူတွေထက် insulin-like growth factor (IGF)  ပိုများနေလို့ပါ။

ဖောလစ်အက်ဆစ်နဲ့ ဗီတာမင်အားဖြည့်ဆေးတွေကို အလွန်အကျွံသောက်သုံးတာ

သားဆက်မခြားခင်နဲ့သားဆက်ခြားပြီးနောက်မှာ ဖောလစ်အက်ဆစ် နဲ့ ဗီတာမင် အားဖြည့်ဆေးတွေကို လိုတာထက်ပိုသောက်မယ်ဆိုရင်လည်း အမြွှာကိုယ်ဝန်ရရှိနိုင်ခြေက ပုံမှန်ထက်ပိုများနေပါတယ်။ ဒီနေရာမှာသတိထားရမှာတစ်ချက်က ကိုယ်ဝန်အစောပိုင်းကာလမှာ ဖောလစ်အက်ဆစ်နဲ့ဗီတာမင် အားဖြညည့်ဆေးတွေကို သောက်သုံးတာက ကိုယ်ဝန်ပျက်ကျစေနိုင်တယ်ဆိုတဲ့ အချက်ပါ။

နို့ထွက်ပစ္စည်းတွေ စားသုံးတာ

ဒီအချက်က အခုထိတော့ လေ့လာနေဆဲပါ။ ဒါကတော့ နို့ထွက်ပစ္စည်းတွေ စားသုံးမှုက အမြွှာကိုယ်ဝန်ရရှိစေနိုင်တယ်ဆိုတဲ့အချက်ပါ။ ဒါကတော့ နို့ထွက်ပစ္စည်းတွေစားသုံးမှုက insulin-like growth factor (IGF) ဟော်မုန်းပမာဏကို တိုးစေနိုင်တယ်ဆိုတဲ့ အချက်ကြောင့်ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly