မြန်မာ MSMEs လုပ်ငန်းများအား ဥရောပသမဂ္ဂမှ ယူရို ရှစ်သန်း ထောက်ပံ့မည်

မြန်မာ MSMEs လုပ်ငန်းများအား ဥရောပသမဂ္ဂမှ ယူရို ရှစ်သန်း ထောက်ပံ့မည်
 EPA-EFE/NYEIN CHAN NAING

သြဂုတ် ၁၀ ။       ။ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) အား ကူညီထောက်ပံ့မည့် (ARISE Plus Myanmar)  စီမံကိန်းအတွက် ယူရို ရှစ်သန်းကို လေးနှစ်တိုင်တိုင် ထောက်ပံ့မည်ဟု ဥရောပသမဂ္ဂမှ ထုတ်ပြန်သည်။

ထိုသို့ ငွေကြေးထောက်ပံ့ခြင်းသဘောတူညီချက်စာချုပ် လွှဲပြောင်းပေးအပ်မှုအခမ်းအနားကို သြဂုတ် ၆ ရက်နေ့ က နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ပြုလုပ်ခဲ့သည်။

အဆိုပါ အာဆီယံဒေသတွင်းပေါင်းစည်းရေးနှင့် မြန်မာနိုင်ငံကုန်သွယ်ရေးဆိုင်ရာအထောက်အကူပေးရေး (ARISE Plus Myanmar) စီမံကိန်းကို နိုင်ငံတကာကုန်သွယ်ရေးဌာန (ITC) နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) တို့ ပူးပေါင်း၍ အကောင်အထည်ဖော် လုပ်ဆောင်မည် ဖြစ်သည်။

“မြန်မာနိုင်ငံရှိ ကဏ္ဍပေါင်းစုံပါဝင်နိုင်သော ရေရှည်တည်တံ့နိုင်မည့် ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရန် ယခုကဲ့သို့ ငွေကြေးထောက်ပံ့မှုအတွက် ဥရောပသမဂ္ဂကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း” ကုန်သွယ်ရေးဌာန ၊ အမှုဆောင်ဒါရိုက်တာ ဦးမင်းမင်းက ပြောဆိုထားသည်။

နေပြည်တော်တွင် ပြုလုပ်ခဲ့သော ယင်းပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC)၊ ကုန်သွယ်ရေးဌာန အမှုဆောင်ဒါရိုက်တာ ဦးမင်းမင်း၊ မြန်မာနိုင်ငံရှိ ဥရောပသမဂ္ဂပူးပေါင်းဆောင်ရွက်ရေးဌာန (EUD) အကြီးအကဲ Dr. Johann Hesse နှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ ဥရောပသမဂ္ဂပူးပေါင်းဆောင်ရွက်ရေး ဌာနနှင့် နိုင်ငံတကာကုန်သွယ်ရေးဌာန (ITC) တို့မှ သက်ဆိုင်သူများ တက်ရောက်ခဲ့သည်။

 “မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး ပိုမိုများပြားကျယ်ပြန့်စေရန်နှင့် ဒေသတွင်းရော၊ နိုင်ငံတကာနှင့်ပါ ပူးပေါင်း ဆောင်ရွက်ရေး တိုးမြှင့်နိုင်ရန် ARISE Plus Myanmar စီမံကိန်းမှတစ်ဆင့် မြန်မာနိုင်ငံအား ကူညီထောက်ပံ့ရသည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း” မြန်မာနိုင်ငံရှိ ဥရောပသမဂ္ဂ ပူးပေါင်းဆောင်ရွက်ရေးဌာန (EUD) အကြီးအကဲ Dr. Johann Hesse က ပြောသည်။

ယင်း စီမံကိန်း၏ အကူအညီဖြင့် မြန်မာနိုင်ငံသည် ကုန်သွယ်ရေးမူဝါဒကို ချမှတ်ကာ ဒေသဆိုင်ရာ (ASEAN) နှင့် နိုင်ငံတကာဆိုင်ရာ (ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ - WTO, EU) ရင်းနှီးမြှုပ်နှံမှုများ ရယူနိုင်သည့် အပြင် တန်ဖိုးမြှင့် ကွင်းဆက် ကုန်ထုတ်လုပ်မှုစနစ်ဖြင့် ကုန်သွယ်ရေးအဟန့်အတားများ(NTBs)အား  လျော့ကျစေရန် ရည်ရွယ်သည်ဟု သိရသည်။

MSMEs တွင် အထည်ချုပ်၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ တစ်နိုင်တစ်ပိုင် အလတ်စား လုပ်ငန်းများ ၊ အစားအသောက် လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ ပါဝင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required