မွန်ပြည်နယ် သဘာဝဘေးတွင် လူ ၃၀၀၀ ကျော်ကို အရေးပေါ် ကယ်ဆယ်ထား

မွန်ပြည်နယ် သဘာဝဘေးတွင် လူ ၃၀၀၀ ကျော်ကို အရေးပေါ် ကယ်ဆယ်ထား
ဓာတ်ပုံ - သူရ (မဇ္စျိမ)

မော်လမြိုင်၊ သြဂုတ် ၁၀ ။         ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် သဘာဝဘေးအန္တရာယ်ဖြစ်သော  ရေကြီးရေလျှံ၊ တောင်ပြိုကျမှု ဖြစ်စဉ်ကြောင့် လူ ၃၀၀၀ ကျော်ခန့်ကို အရေးပေါ်ကယ်ဆယ်ထားကြောင်း အရပ်ဖက်အဖွဲ့ ဖြစ်သည့် မော်လမြိုင်အခြေစိုက် “ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေး” ထံမှ သိရသည်။

“မော်လမြိုင်မြို့ တောင်ပိုင်း-စျေးချို ရပ်ကွက် တောဂူးဘုန်းကြီးအတွင်းမှာ လူဦးရေ ၃၇၀ နဲ့ နောက် လှိုင်ဘက်မှာဆို ကယ်ဆယ်ရေးစခန်းတစ်ခု ရှိမယ်။ သိရီမင်္ဂလာနဲ့ သိရီမြိုင်ဘက်မှာ အ.ထ.က (၁၁)ကျောင်းမှာ လူဦးရေ ၂၀၀ ကျော်၊ ၃၀၀ ကျော် ၊ အခုဆိုရင် များသွားလောက်ပြီ။ ရွှေပြည်စိုးမှာဆိုရင် ဘုန်းကြီးကျောင်းမှာ ရှိတယ်။ အခုက လေးခု ထပ်ဖွင့်ထားတယ်။ တကယ်က ၁၀ ခု လောက် ဖွင့်ထားတယ်။ လူဦးရေက နောက်ဆုံး ရတဲ့ သတင်းအရ ၃၀၀၀ ကျော်တယ်လို့ သိရတယ်” ဟု ကိုဘိုဘိုဝင်း( ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုအဖွဲ့-မော်လမြိုင်)က ပြောသည်။

အဆိုပါ သဘာဝဘေးအန္တရာယ်ဖြစ်စဉ်မှာ ဇူလိုင်လ တတိယပတ်အတွင်းမှ စပြီး မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်ပေါ်ခဲ့ကာ သြဂုတ် ၉ ရက်နေ့ နံနက်အစောပိုင်းက ရေကြီးရေလျှံမှုများ မွန်ပြည်နယ်ဒေသအတော်များများတွင် တစ်ပြိုင်နက် ဖြစ်ပေါ်ခဲ့သည်။ ထို့ပြင် တောင်မြေပြိုကျမှု ဖြစ်ပေါ်ခဲ့ပြီး လူနေအိမ်များ၊ ကားများပေါ်သို့ ပိမိခဲ့ကာ လူ ၁၀၀ ခန့် ပိတ်မိနိုင်သည်ဟု ကူညီကယ်ဆယ်ရေးများက ခန့်မှန်းထားသည်။

“ အဓိက ပြောမယ်ဆို နဂါးဝန်လှချောင်းပေါ့။ ချောင်းဘေးရဲ့တစ်လျှောက် အကုန်ထိသွားတဲ့ သဘောပါ။ ချောင်းရေ လျှံတယ်။ လျှံတဲ့အတိုင်းအတာမှာ တက်လာတယ်။ အရင်ဥယျာဉ်ခြံမြေတုန်းက လူနေအိမ်က နည်းတော့ မသိသာဘူး။ အခုချိန်က ဥယျာဉ်ခြံမြေက နည်းပါးပြီး မြေလည်း ရှားပါးလာတော့ လူနေထိုင်မှု ဖြစ်လာတယ်။ ဒီလိုမျိုး ရေကြီးရေလျှံတဲ့အတိုင်းအတာ ဖြစ်လာတယ်။ နယ်မြေက ပြောမယ်ဆို ဒေါင်းရပ်နယ်မြေက စမယ်။ ဒီ ချောင်းရိုးတစ်လျှောက် ဒီ ဖက်ခင်းအထိ ချောင်းရိုးဘေးပတ်ဝန်းကျင်က လူအားလုံးကို ဒီမှာ ကယ်ဆယ်ထားရတယ်” ဟု မော်လမြိုင်မြို့၊ စျေးချိုနယ်မြေဥက္ကဋ္ဌ ကိုသိန်းလှိုင်က ဆိုသည်။

သြဂုတ် ၉ ရက်နေ့မှ သြဂုတ် ၁၀ ရက်နေ့၊ နေ့လယ် ၁၂ နာရီအထိ အထိ နောက်ဆုံးရရှိသည့် သတင်းများအရ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးရှိ သဲဖြူကုန်းကျေးရွာသို့ တောင်ပြိုကျသော သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးသူ ၃၀ ဦး အထိ ရှိလာသည်။

လက်ရှိအချိန်ထိ ကယ်တင်နိုင်သူ ၂၉ ဦး ရှိပြီး ကလေးငယ်များနှင့်သက်ကြီးရွယ်အို အများစုပါဝင်နေကာ ၎င်းတို့အတွက် အလှူရှင်များက ထမင်း ၊ ရေဗူး နှင့်အစားအသောက်များ လာရောက်လှူဒါန်းမှုများ တွေ့ရသည်။

မွန်ပြည်နယ်အတွင်း မော်လမြိုင် ၊ မုတ္တမ၊ မုဒုံ၊ ကျိုက်ကော်တို့တွင် ရေကြီးလျှံမှုများ ယမန်နေ့ သြဂုတ် ၉ ရက်က ဖြစ်ပေါ်ခဲ့သော်လည်း ယနေ့ သြဂုတ် ၁၀ ရက်တွင် တွင် ရေများ ကျဆင်းနေပြီဟု သိရသော်လည်း ရေဘေးသင့်ခဲ့သူများအတွက် အရေးအပေါ်အကူညီများ လိုအပ်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required