တောင်ပြိုကျမှုတွင် လူ ၂၂ ဦး၏ ရုပ်အလောင်းများ တွေ့ရှိထား

တောင်ပြိုကျမှုတွင် လူ ၂၂ ဦး၏ ရုပ်အလောင်းများ တွေ့ရှိထား
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးရှိ သဲဖြူကုန်းကျေးရွာအပေါ်သို့ မြေပြိုကျနေမှုများအား တူးဖော်နေသည်ကို သြဂုတ် ၉ ရက်က တွေ့မြင်ရစဉ်။ ဓာတ်ပုံ-Sai Aung Main/AFP

ပေါင်၊ သြဂုတ် ၁၀ ။          ။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်ရှိ ကုလားမတောင် ပြိုကျခဲ့မှုတွင် သဲဖြုကုန်းကျေးရွာအပေါ် မြေများ ပိမိခဲ့ရာ သြဂုတ် ၉ ရက်နေ့ ညပိုင်းအထိ ၂၂ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိထားသည်။

မြေပြိုကမှု ဖြစ်စဉ်မှာ သြဂုတ် ၉ ရက်နေ့ ၊ နံနက် ၈ နာရီဝန်းကျင်ခန့်တွင် စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ကယ်ဆယ်ရေးက တစ်လျှောက်လုပ်နေပါတယ်။ဖြစ်တာက မနက် ၈ နာရီလို့ ပြောတယ်။ ကယ်ဆယ်ရေးက ရေကြီးနေတဲ့အတွက်ကြောင့် ဘက်ဖိုး တွေက နည်းနည်းတော့ နောက်ကျတယ်။ အိမ်ခြေ ကတော့ ၁၆ လုံး ခန့်မှန်းတယ်။ အခု လောလောဆယ် သေဆုံးသူတွေကိုဆွဲထုတ်တာ ၂၂ ဦ ထွက်လာတယ်။ ကျန်တဲ့သူတွေကို ဆက်ပြီးတော့ ဆွဲထုတ်နေကြတယ်" ဟု ပေါင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းက မဇ္ဈိမသို့ ယနေ့ညပိုင်းတွင် ပြောသည်။

အဆိုပါနေရာတွင် နေအိမ် ၁၆ အိမ်ခန့် ရှိပြီး မြေပိမိမှုတွင် လူများ၊ နေအိမ်များ၊ ကားများပါ ပိမိခဲ့ခြင်း ဖြစ်သည်။

“ ပြိုကျတာကို အုပ်ချုပ်ရေးမှူးတို့ကို မေးကြည့်တော့ မနက်တုန်းက ငလျင်တော့လှုပ်တယ်။ တောင်က နဂိုတည်းက တောင်က လှုပ်နေတာ။ အဲဒါနဲ့ မြေကြီးတွေက ဆင်းချလာတယ်။ ရေအားရော၊ မီးအားရော ကျောက်တုန်းတွေလည်း ရှိနေတဲ့အခါကြတော့ တစ်ပြိုက်နက်တည်း ကျောက်တုန်းအကြီးကြီးတွေ ဆွဲချသလို ဖြစ်သွားတယ်။ အဲဒီကုန်လုံးက အဲဒီအောက်ကို ရောက်နေတဲ့သဘောမျိုးရှိတယ် “ဟု ၎င်းက ပြောသည်။

ယနေ့နံနက်ကိုင်းကလည်း မွန်ပြည်နယ်၏ ဒေသအချို့တွင် ရေကြီးမှုဖြစ်ပေါ်နေသောကြောင့် ကယ်ဆယ်ရေး စက်ပစ္စည်း ရောက်ရှိမှု နှောင့်နှေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ သိရသလောက်က အဝေးပြေးခရီးသည်တင်ကား က မပါဘူးလို့ပြောတယ်။ Probox ကားပါတယ်။ ကုန်တင်ကားချည်းပဲ ငါးစီးလောက်ပါတယ်။ နောက် သုံးဘီး တစ်စီးပါတယ်။ မန္တလာမင်းကားတို့ ဘာတို့ က အခုချိန်ထိ သတင်းကိုအတိအကျ ယူလို့မရသေးဘူး ။ ပေါ်တယ်မပေါ်ဘူးဆိုတာ မသိသေးပါဘူး။ ဖော်ပြီးမှ အဖြေက ထွက်မှာပါ “ဟု ရာမည အရေးပေါ်ကယ်ဆယ်ရေး အသင်းဥက္ကဋ္ဌ ဦးနေမျိုးအောင်က ပြောသည်။

အဆိုပါ မြေပြိုကြမှုဖြစ်စဉ် တွင် မွန်ပြည်နယ်၊သထုံ၊ ကရင်ပြည်နယ်ဘက်တို့မှ ကယ်ဆယ်ရေးအဖွဲ့အစည်းများ သွားရောက်ကယ်ဆယ်လျက်ရှိပြီး ရဲတပ်ဖွဲ့ ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ကယ်ဆယ်လျက် ရှိနေသည်။

သြဂုတ် ၉ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး  ည ၉ နာရီ အချိန်ထိ  လူ ၂၂ ဦး ရုပ်အလောင်းတွေ့ရှိထားပြီး လူ ၂၈ ဦးကို အသက်ရှင်လျှက် ကယ်ဆယ်ထားနိုင်ကြောင်း သိရသည်။

လက်ရှိတွင် ကျန်ရစ်သည့်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ကို တွေ့ရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly