ရာသီဥတု အခြေအနေကြောင့် မွန်၊ ထားဝယ် အဝေးပြေးခရီးစဉ်တချို့ရပ်ဆိုင်းထားရ

ရာသီဥတု အခြေအနေကြောင့် မွန်၊ ထားဝယ် အဝေးပြေးခရီးစဉ်တချို့ရပ်ဆိုင်းထားရ
ဓာတ်ပုံ - နွန်နွန်

ရန်ကုန်၊ သြဂုတ် ၉ ။          ။ မိုးသည်းထန်စွာရွာသွန်းမှုများနှင့် မြစ်ရေမြင့်တက်မှုများကြောင့် မော်လမြိုင် ၊ သံဖြူဇရပ် ၊ ထားဝယ် ၊ မြိတ် ခရီးစဉ်များကို ခေတ္တရပ်နားထားရကြောင်း အဝေးပြေးကားကုမ္ပဏီများနှင့် လက်မှတ်အရောင်း ကိုယ်စားလှယ် အချို့မှပြောသည်။

“ လောလောဆယ်ကတော့အကုန်ရပ်နားထားတယ်ဗျ။ ခရီးစဉ်တွေအဲ့ဘက်ကိုထွက်မရသေးဘူးဗျ။ ဒီနေ့မှစတာ။ ကျွန်တော်တို့နဲ့ ချိတ်ထားတဲ့ ယာဉ်လိုင်းတွေအကုန်ပဲ” ဟု MMbusticket မှကိုမြတ်သူစိုးက ပြောသည်။

သြဂုတ် ၉ ရက် နံနက်ပိုင်းက မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် တောင်ကျရေစီးကျလာမှုကြောင့် ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်နှင့် မြို့ပေါ်ရပ်ကွက်များတွင်ပါ ရေကြီးနစ်မြုပ်နေခြင်းဖြစ်သည်။

ထို့ကြောင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအဝင် မွန်ပြည်နယ် မုဒုံမှနေ၍ ထွက်ခွာမည့် နေ့ပိုင်း ခရီးစဉ်များအားလုံးကို ခေတ္တရပ်ဆိုင်းထားရသည်ဟုလည်း ရွှေစင်စကြာ (မုဒုံဂိတ်) မှ ကိုအာကာဖြိုးက မဇ္စျိမသို့ပြောသည်။

“ညပိုင်းခရီးစဉ်တွေကိုတော့ ညနေပိုင်းလောက်မှ အကြောင်းပြန်ရမှာ အခြေအနေ တစ်ချက်လောက် စောင့်ကြည့်နေတယ်” ဟု ၎င်းကဆိုသည်။

မွန်ပြည်နယ်မှ ထွက်ခွာလာသည့်ကားများမှာ မုတ္တမကွေ့အနီးတစ်ဝိုက်တွင်ပိတ်မိနေကြကြောင်းလည်း ကိုအာကာဖြိုးကဆိုသည်။

သြဂုတ် ၉ ရက်နေ့၊ နံနက် ၃ နာရီခန့်က မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ မုတ္တမမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မုတ္တမတောင်ကျချောင်းရေ၊ သံလွင်မြစ်ရေတို့ မြင့်တက်ကာ ရေကြီးမှုဖြစ်ပွားခဲ့ပြီးနောက် ပေါင်မြို့နယ်အပြင် မုဒုံမြို့နယ်ပါ ရေနစ်မြုပ်နေသည်ဟု သိရသည်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ကျိုက်မရော-မော်လမြိုင် ကားလမ်း ပေါ်တွင် ကားလမ်းရေ ကျော်မှုဖြစ်ပွားခဲ့သည်။

ထို့ပြင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊သီရိမြိုင်ရပ်ကွက်၊ ဇေယျာမြိုင်ရပ်ကွက်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လူနေအိမ်များ နစ်မြုပ်နေသဖြင့် ကယ်ဆယ်ရေးများ ဆောင်ရွက်နေရကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly