ကယ်ဆယ်ရေးပစ္စည်းများ ကြိုပို့ထားသဖြင့် ရေဘေးရှောင်များကို ထောက်ပံ့နိုင်ဟု ဘီးလင်းကိုယ်စားလှယ် ပြော

ကယ်ဆယ်ရေးပစ္စည်းများ ကြိုပို့ထားသဖြင့် ရေဘေးရှောင်များကို ထောက်ပံ့နိုင်ဟု ဘီးလင်းကိုယ်စားလှယ် ပြော

ဘီးလင်း ၊ သြဂုတ် ၉ ။           ။ မိုး အဆက်မပြတ် ရွာသွန်းပြီး ဘီးလင်းမြစ်ရေတိုးလာမှုကြောင့်  ရေဘေးရှောင်နေရသူ  ၈၀၀၀ နီးပါး ရှိနေသော်လည်း ထောက်ပံ့ရေးပစ္စည်းများ ကြိုပို့ထားသောကြောင့် ကူညီမှုများ ဆောင်ရွက်နိုင်ကြောင်း မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်နိုင်ဦးက ပြောသည်။

“မနှစ်က ရေကြီးလာလို့ရှိရင် လမ်းပျက်၊ ဆက်သွယ်ရေးပြတ်ပြီးတော့ ရိက္ခာထောက်ပို့ဖို့အတွက် ခက်ခက်ခဲခဲနဲ့ သွားခဲ့ရတယ်၊ အဲလိုနေရာတွေအတွက်ကို ထောက်ပို့လွယ်လွယ်ကူကူရအောင် ဆိုပြီးတော့ ကြိုပြီးတော့ ပစ္စည်းတွေ ပို့ထားတာ ရှိတယ်၊ ကျေးရွာအုပ်စု ၁၀ ခုကိုပေါ့၊ အဲဒါတွေက ခုချိန်ဆို သုံးလို့နေရပြီ၊ အဲဒီတော့ ဒီနှစ်မှာ ရိက္ခာပို့ရတဲ့ အခက်အခဲမရှိဘူးပေါ့။ ကယ်ဆယ်ရေးကလည်း တောက်လျှောက်အဆင်သင့်ရှိတယ်၊ ဒီနှစ်က ကြိုပြီး ကယ်ထုတ်ထားတဲ့အတွက် နေရာရွေ့ပြောင်းထားတဲ့အတွက် ခက်ခက်ခဲခဲတော့ မရှိဘူးပေါ့။ လက်ရှိအခြေအနေမှာတော့ သတ်မှတ်နှုန်းနဲ့ ရှိတဲ့လူဦးရေကို ပံ့ပိုးထားနိုင်တဲ့ အနေအထားရှိပါတယ်။” ဟု ၎င်းက ပြောသည်။

သြဂုတ်လ ၇ ရက်နေ့အထိ ဘီးလင်းမြို့နယ်ရှိ ရေဘေးရှောင် ကယ်ဆယ်ရေးစခန်း ၄၀ တွင် ပြည်သူ ၇၈၆၆ ဦး ရေဘေးရှောင်နေရသည်။

နှစ်စဉ် ရေလွှမ်းမိုးနေမှု ဖြစ်နေခြင်းဖြစ်ပြီး  ပြီးခဲ့သည့်နှစ် ဇူလိုင်လပိုင်းက ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့သည့် နှစ်နေရာကို ထပ်မံမြှင့်တင်ထားသည်ဟု ဘီးလင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက ဆက် ပြောသည်။

“ရန်ကုန်-မော်လမြိုင်ကားလမ်းပိုင်းက မနှစ်က ၁၂၁၂ စင်တီမီတာအထိ အမြင့်ဆုံး တက်သွားတယ်၊ အဲဒီမှာ နှစ်နေရာ အဓိက ရေကျော်တယ်၊ ရွှေသံလွင်ကုမ္ပဏီနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ညှိနှိုင်းပြီးတော့ လမ်းပိုင်းကို ၁၀၇၀ စင်တီမီတာအထိကို မြှင့်ထားတာရှိတယ်၊ အဲဒီ ရေကျော်တဲ့နေရာတွေပေါ့၊ ဒီနှစ်တော့ လမ်းပန်းဆက်သွယ်ရေးက မနှစ်ကလို ပြတ်တောက်သွားတဲ့ အနေအထားတော့ မရှိဘူးပေါ့၊ ကားလမ်းနဲ့ ပတ်သက်ပြီး အခက်အခဲမရှိဘူး၊ သွားလာနေကြတယ်။” ဟု ၎င်းက ပြောသည်။

သြဂုတ် ၇ ရက်နေ့၊ နေ့လယ်ပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဘီးလင်းမြို့နယ်၊ ရေဘေး ကွပ်ကဲရေးရုံးသို့ ရောက်ရှိကာ ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေသူများအတွက် လာရောက်ထောက်ပံ့ပေးခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

“ရေက လျော့မယ်လိုလိုနဲ့ မလျော့တဲ့အပြင် ပိုပြီးတော့ တိုးလာတယ်၊ အန်တီက ၁၃ ရက်နေ့ ညနေမှာ ဒီကျောင်းကို ပြောင်းလာတယ်၊ အန်တီက ကမ်းနားမှာ နေတော့ လှေမရှိဘူး၊ လှေကြုံနဲ့ပဲလိုက်ခဲ့ရတယ်။ အန်တီရဲ့ အိမ်ရှေ့မှာဆိုရင် မနေ့က လည်ပင်းလောက် နစ်နေပြီ၊ လမ်းမှာတောင် မဟုတ်ဘူး၊ သိမ်းဆည်းပြီး အပြင်မှာ၊ လှေစောင့်နေရင်းစောင့်နေရင်းနဲ့ မိုးချုပ်တော့ ဒီလမ်း အလယ်ထဲကို ရေတွေ ရောက်လာတာ၊ လှေစောင့်နေတာ အဲဒီလောက်ရောက်နေတာ ဒါတောင် အိမ်ထဲမှာ မဟုတ်ဘူး၊ ဒီနှစ်ပါဆိုလို့ရှိရင် မနှစ်က ပိုဆိုးတယ်၊ ခါတိုင်းနှစ်က အဲဒီလောက်မရှိဘူး၊ မနှစ်ကဆိုရင် ဒီကျောင်းပေါ်ပါ ရေရောက်တယ်” ဟု ရွှေလှေမြောက်ကျောင်း ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းရှိ ရွှေလှေကျေးရွာအုပ်စု ကမ်းနားပိုင်းမှ ဒေါ်ထွေးက ပြောသည်။

သြဂုတ် ၄ ရက်မှ စတင်ကာ တက်လာသော ဘီးလင်းမြစ်ရေတက်မှုကြောင့် သြဂုတ် ၅ ရက်နေ့မှ စတင်ကာ မြစ်ကမ်းနှင့်နီးသည့်ရပ်ကွက်နှင့်ကျေးရွာများမှ ပြည်သူများက ရေဘေးရှောင်စခန်းများတွင် ခိုလှုံနေရသည်။

 

လက်ရှိ သြဂုတ် ၉ ရက်နေ့အထိ ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အောက် ကျဆင်းသွားသော်လည်း ပေါင်မြို့နယ်တွင် ရေများ ထပ်မံတိုးလာကာ စိုးရိမ်ရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly