ဘူးလက်(ခ)ဦးလှဆွေ ကိုနိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲ

ဘူးလက်(ခ)ဦးလှဆွေ ကိုနိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲ
ဓာတ်ပုံ-သူရ/မဇ္ဈိမ

သြဂုတ်လ ၈ ။               ။ ဘူးလက် ဂျာနယ်ထုတ်ဝေသူ နှင့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဖြစ်သူ ဘူးလက်(ခ) ဦးလှဆွေ ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄(က) ဖြင့် ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေး  ဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့် က တရားစွဲဆိုခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်းအချိန် က ကျောက်တံတားမြို့နယ် မြို့တော်ခန်းမရှေ့၊ကားပါကင် နေရာ တွင် ပြုလုပ်သည့်  "အမေရိကန်နိုင်ငံမှ မြန်မာ့တပ်မတော် ထိပ်တန်း အရာရှိများအပေါ် အရေးယူ ပိတ်ဆို့မှုများ အား ဆန်ကျင့်ကန့်ကွက်ရှုတ်ချပွဲ " တွင် ဘူးလက်(ခ) ဦးလှဆွေ ၏ ဟောပြောချက်များ နှင့် ပတ်သက်ပြီး  သြဂုတ်လ ၇ ရက်နေ့ မွန်းလွဲပိုင်းအချိန် က ကျောက်တံတား မြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့် က အနောက်ပိုင်းခရိုင် တရားရုံး တွင် တရားစွဲဆိုခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဟောပြောချက်များ နှင့်ပတ်သက်ပြီး တရားရုံးသို့ ဦးတိုက်လျှောက်ချက်များတွင် "နိုင်ငံတော်၏အစိုးရ နှင့် အစိုးရအဖွဲ့အစည်းဝင်များဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ၏ လုပ်ဆောင် ချက်များအပေါ် သွယ်ဝိုက် ၍ ပြစ်တင်ရှုတ်ချ ခြင်းများ ပြောဆိုခဲ့သည့်အပြင် အမေရိကန် နိုင်ငံမှ မြန်မာနိုင်ငံအပေါ် ဝင်ရောက်စွက်ဖက်မှုပြုရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် လက်ရှိအစိုးရ အဖွဲ့က လက်ခံဆောင်ရွက်ပေးနေကြောင်း စသည့်အချက်များ ပါဝင်သည်။

ဦးမျိုးမြင့် အနေဖြင့်  ဦးလှဆွေ(ခ)ဘူးလက်ကို အနောက်ပိုင်းခရိုင်တရားရုံး တွင် ဦးတိုက်လျှောက်ခဲ့ပြီး တရားရုံးအနေဖြင့် ရာဇဝတ်ကြီးမှုအမှတ် ၇၆/၂၀၁၉ ၊ရာဇတ်သတ်ကြီးဥပဒေပုဒ်မ ၁၂၄(က) ဖြင့် တရားစွဲဆိုမှု လက်ခံခဲ့ ကြောင်း သိရသည်။

 ဦးလှဆွေ(ခ)ဘူးလက် ကို သြဂုတ်လ ၇ ရက်နေ့ က အစ္စလာမ်ဘာသာရေး ခေါင်းဆောင် ဦးစန်းအောင် က သာသနာတော်ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) ဖြင့်  တိုင်တန်းမှုအပေါ် ကျောက်တံတားမြို့နယ် တရားရုံးက ကြားနားရန် လက်ခံခဲ့သည်။

ယင်း ကဲ့သို့ တရားစွဲဆိုခံရမှုနှင့် ပတ်သက်ပြီး ဦးလှဆွေ(ခ)ဘူးလက် ကို မဇ္စျိမ သတင်းဌာန မှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပိတ်ထားသောကြောင့် ဆက်သွယ်မှုမရရရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly