သင်္ဃန်းကျွန်းမြို့နယ်နေအိမ်အတွင်း ပုပ်ပွသေဆုံးနေသည့် အမျိုးသားအလောင်း တွေ့ရှိ

သင်္ဃန်းကျွန်းမြို့နယ်နေအိမ်အတွင်း ပုပ်ပွသေဆုံးနေသည့် အမျိုးသားအလောင်း တွေ့ရှိ
ဓာတ်ပုံ- မိတ်ဆွေကောင်း နာရေးကူညီမှုအသင်း (တောင်ဒဂုံ)

ရန်ကုန်၊ သြဂုတ် ၇ ရက် ။           ။ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၁ ရပ်ကွက်၊ ဇဋိလ ၄ လမ်း ၊ ၅ လွှာတိုက်နေအိမ်အတွင်း အမျိုးသားတစ်ဦး ပုပ်ပွသေဆုံးလျက်ရှိသည်ကို သြဂုတ် ၇ ရက်နေ့ ညနေပိုင်းတွင် တွေ့ရှိသယ်ယူခဲ့ကြောင်းကို မိတ်ဆွေကောင်းနာရေးကူညီမှုအသင်းမှ စုံစမ်းသိရှိရသည်။

"ကျွန်တော်တို့ရောက်တဲ့အချိန်က မွန်းလွဲပိုင်း ချိန်ကပါ။ သူ့ မိသားစုက အဆက်အသွယ် လုပ်လို့မရတဲ့အခါ ကြတော့ နေအိမ်အဆောက်အအုံကို ရောက်ရှိလာတယ်။ အုပ်ချုပ်ရေးမှူးကို အကြောင်းကြားပြီးတော့ အခန်းသော့ကို ရိုက်ဖြတ်ပြီး ဝင်ကြည့်လိုက်တဲ့အခါကြတော့ သူက ကွယ်လွန်သေဆုံးပြီးတော့ ပုပ်ပွနေတာကို တွေ့ရှိရပါတယ် " ဟု မိတ်ဆွေကောင်း နာရေးကူညီမှုအသင်းမှ ဦးလှသန်းက မဇ္စျိမသတင်းဌာနကို ပြောသည်။

အဆိုပါ သေဆုံးနေသူမှာ ဦးရဲတိုက် အမည်ရှိ အသက် ၃၇ နှစ်အရွယ် အမျိုးသားဖြစ်ကာ သေဆုံးသူသည် မူလက ကျောက်တံတားမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ၄င်း၏ စီးပွားရေးလုပ်ငန်းတည်ရှိရာ သင်္ဃန်းကျွန်းမြို့နယ်တွင် တစ်ဦးတည်း ပြောင်းရွှေ့နေထိုင်ခြင်းဖြစ်ကြောင်း သိရှိသည်။

"ခန့်မှန်းအားဖြင့် ဒီအလောင်းသည် ၄ ရက်နီးပါးခန့် ရှိနေပြီဆိုတာကို ရဲတပ်ဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်ပြီးတော့ ဆေးရုံကို တင်ပြပေးထားပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို ကျွန်တော်တို့က သယ်ယူတုန်းက ဆရာဝန်များ တောင်းဆိုမယ့်စစ်ချက်ကို အဖြေပေးနိုင်ရန်အတွက် ခန္ဒာကိုယ်ပေါ်မှာ သူရဲ့ ထိခိုက်ပွန်းပဲ့ဒဏ်ရာအားလုံးကို ရှာတဲ့အခါမှာ မည်သည့် ဒဏ်ရာမှ မတွေ့ပါဘူး။ သာမန်အနေအထားမျိုးနဲ့ ကွယ်လွန်သေဆုံးခြင်းဖြစ်တယ်။ သူတစ်ပါး လုပ်ကြံတဲ့ဒဏ်ရာမျိုးတွေ မတွေ့ရှိပါဘူး"ဟု ဦးလှသန်းက ဆက်ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ သေမှုသေခင်း ဆိုင်ရာအမှုအဖြစ် ဖွင့်လှစ်ထားရှိပြီး ရုပ်အလောင်းကို သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသို့ မိတ်ဆွေကောင်းနာရေးကူညီမှုအသင်းမှ ပို့ဆောင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly