မြန်မာတိုင်းမ် အမှုဆောင်အရာရှိချုပ်ဟောင်း ရော့ဒန်ကလေကို မူးယစ်မှုဖြင့် ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခံရ

By ဇေယျာမော် ၊ သက်ကို
07 August 2019
မြန်မာတိုင်းမ် အမှုဆောင်အရာရှိချုပ်ဟောင်း ရော့ဒန်ကလေကို မူးယစ်မှုဖြင့် ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခံရ

ရန်ကုန် ၊ သြဂုတ် ၇ ။       ။ မြန်မာတိုင်းမ် ဂျာနယ်တွင် အမှုဆောင်အရာရှိချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့်  သြစတေးလျ နိုင်ငံ သား မစ္စတာ ရော့စ်ဒန်ကလေနှင့် အမှုတွဲ ဗြိတိန်နိုင်ငံသား Mr. Johan Stuaet McKenzie တို့ နှစ်ဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က) ဖြင့် ထောင်ဒဏ် ၁၃ နှစ်ကျခံစေရန် အနောက်ပိုင်းခရိုင် တရားရုံးမှ သြဂုတ်လ ၇ ရက်နေ့တွင် အပြီးသတ် အမိန့်ချမှတ်လိုက်သည်။

မစ္စတာရော့ဒန်ကလေ၏ နေအိမ်အတွင်းသို့ ဝင်ရောက်ဖမ်းဆီးစဉ် တွေ့ရှိခဲ့သည့် အမှုတွဲများဖြစ်သည့် မဟန်နီစိုး  ၊မဟေမာန်လွင် ၊ မသူဇာ ၊ မဝင်းဝင်း နှင့် မနှင်းအိခိုင် တို့ကိုလည်း ပုဒ်မ ၁၉(က)/၂၁ အရ ထောင်ဒဏ် ၁၁ နှစ် ကျခံစေရန် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

ပြစ်ဒဏ်များအားလုံးကို ချုပ်ရက်မှ ထုတ်နုတ်ခံစားခွင့် ပြုခဲ့သောကြောင့် တရားရင်ဆိုင်နေခဲ့ရသည့် တစ်နှစ် နှင့် နှစ်လ အား လျော့ပေါ့ခံစားရမည်ဖြစ်သည်။

၂၀၁၈ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် နေအိမ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲနေကြောင်း ရဲတပ်ဖွဲ့က သတင်း ရရှိသဖြင့် မစ္စတာ ရော့ဒန်ကလေနှင့်ဗြိတိန်နိုင်ငံသားတစ်ဦး နေထိုင်ရာ ဗဟန်းမြို့နယ်၊ သာသနာ့ ရိပ်သာ ရပ်ကွက်၊ စမ်းရေတွင်းလမ်းရှိနေအိမ်သို့ သွားရောက်ရှာဖွေရာမှ မူးယစ်ဆေးဝါး ဖမ်း ဆီးရမိခဲ့ခြင်းဖြစ်သည်။

မစ္စတာရော့ဒန်ကလေ ၏ အိမ်အတွင်းမှ WY ဆေးပြား ရ၉၇ ပြား၊ ဘိန်းဆီခဲ ၆ ဂရမ်၊ ဆေးခြောက် ၁၆ ဒသမ ၅ ဂရမ်၊ ဘိန်းဖြူ မှုန့် ၂ ဂရမ်၊ ICE နှင့် WY ရောကြိတ်ထားသည့် အမှုန့် ၂ ဂရမ်၊ မူးယစ်ဆေးဝါးဟု ယူဆရသော အဖြူရောင် ပုံဆောင်ခဲ ၅ ဂရမ်နှင့် ခက်ခူ ၁၉ ဂရမ်တို့ကို ရှာဖွေသိမ်းဆည်းခဲ့ကြောင်းသိရသည်။

ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံရသည့် ရော့စ်ဒန်ကလေသည် စစ်အစိုးရအုပ်ချုပ်စဉ်ကာလက တပ်မတော် ထောက်လှမ်းရေး အရာရှိ တစ်ဦးဖြစ်သူ ဗိုလ်မှူးချုပ် (ဟောင်း) သိန်းဆွေ၏ သားဖြစ်သူ ကိုဆန်နီဆွေနှင့် ပူးပေါင်းကာ မြန်မာတိုင်း(မ်) အင်္ဂလိပ်နှင့် မြန်မာတိုင်း(မ်) မြန်မာ အပတ်စဉ်ထုတ် သတင်းစာ နှစ်စောင်ကို ထူထောင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ၂ဝ၁၄ ခုနှစ်၊ အောက်တိုဘာလတွင် မြန်မာတိုင်း(မ်) ဂျာနယ်ကို ထွန်းကော်မာရှယ်ဘဏ် ဥက္ကဋ္ဌ ဦးသိန်းထွန်းက အပြီးတိုင်ဝယ်ယူပြီး နောက်တွင် မီဒီယာလောကတွင် ဆက်လက်လုပ်ကိုင်ခြင်း မရှိတော့ ကြောင်းလည်းသိရသည်။ သြစတေးလျနိုင်ငံသား မစ္စတာ ရော့စ်ဒန်ကလေသည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်ပို့စ် နှင့် မြန်မာတိုင်းမ်ဂျာနယ်ကို ထူထောင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly