ဒါဘီကောင်တီအသင်းကို ကစားသမား၊ နည်းပြအဖြစ် ပူးပေါင်းခွင့်ရလို့ ‘ပျော်ရွှင်နေ’တဲ့ ဝိန်းရွန်းနီ

ဒါဘီကောင်တီအသင်းကို ကစားသမား၊ နည်းပြအဖြစ် ပူးပေါင်းခွင့်ရလို့ ‘ပျော်ရွှင်နေ’တဲ့ ဝိန်းရွန်းနီ
Photos: AFP

ဝိန်းရွန်းနီက သူဟာ ဒါဘီကောင်တီအသင်းနဲ့ ပူးပေါင်းခွင့်ရလို့ 'ပျော်ရွှင်မိတယ်'လို့ ဆိုခဲ့ပြီး နည်းပြဘဝထဲ ဝင်ရောက်ဖို့ သူ့ရဲ့ ရေရှည်ဆန္ဒကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အင်္ဂလန်အသင်းနှင့် မန်ချက်စတာယူနိုက်တက်တို့အတွက် ဂိုးသွင်းအများဆုံး စံချိန်ရှင် ရွန်းနီဟာ ဒါဘီအသင်းနဲ့ (၁၈)လ သက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှာ ကစားသမား၊ နည်းပြ (လက်ထောက်နည်းပြ)အဖြစ် တာဝန်ယူ အလုပ်လုပ်သွားမှာဖြစ်ပါတယ်။ 

ဒါ့အပြင် စာချုပ်သက်တမ်းကို တစ်နှစ်တိုးနိုင်ခွင့်ကိုလည်း ဒါဘီဖက်မှ ထည့်သွင်းချုပ်ဆိုထားခဲ့တယ်လို့ သိရပါတယ်။

ယူနိုက်တက်ကြယ်ပွင့်ကစားသမားဟောင်းဟာ လက်ရှိမှာ အမေရိကန် မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်မှာ ကစားနေပြီး အသင်းနဲ့ စာချုပ်ကတော့ ၂၀၂၀ မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

သတင်းတွေအရ ရွန်းနီရဲ့ ဇနီး ကော်လင်းဟာ အိမ်လွမ်းနေပြီး သူတို့ရဲ့ သားသမီးတွေနဲ့အတူ ဗြိတိန်ကို ပြန်လာပြီး အခြေချလိုတယ်လို့ ဆိုထားပြန်ပါတယ်။

ရွန်းနီဟာ နည်းပြဘဝကို ကူးပြောင်းဖို့ ယခင်ကတည်းက မျှော်မှန်းထားသူဖြစ်ပြီး ဒါဘီကောင်တီအသင်းကို ကစားသမားအဖြစ်နဲ့ ကစားပေးရင်း နည်းပြအဖြစ်ပါ ဆောင်ရွက်သွားတော့မှာဖြစ်ပါတယ်။

"အင်္ဂလန်မြေကို ပြန်လာပြီး ကစားရမယ့် အခွင့်အရေးရလို့ ပျော်ရွှင်မိပြီး ကလပ်အသင်းမှာ နည်းပြရာထူးတစ်နေရာ ပေးအပ်တဲ့အတွက်လည်း ကျနော် အရမ်းပဲ စိတ်လှုပ်ရှားမိပါတယ်။ နည်းပြ ဖီလစ်ရဲ့ လက်အောင်မှာ လုပ်ကိုင်တာဟာ ကျနော့်အတွက် အလွန်ကြီးမားမှုဖြစ်ပါတယ်။"လို့ ရွန်းနီက အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ပထမဦးဆုံးနဲ့ အဓိကက ကစားရဖို့နဲ့ အသင်းကို ကူညီဖို့ လာရောက်နေတာဖြစ်ပြီး ဒုတိယအချက်က ကစားသမားဘဝကနေ အနားယူပြီးနောက်ပိုင်း နောက်ထပ် ခြေလှမ်းတစ်ခုကို သွားမယ့်အချိန်မှာ အတွေ့အကြုံတွေ ရဖို့ ဖိလစ်နဲ့ သူ့ရဲ့ ဝန်ထမ်းတွေဆီက သင်ယူချင်ပါတယ်။

"တခြားကလပ်အသင်းတွေက ကျနော့်ကို စုံးစမ်းနေပြီး ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီကို (ဒါဘီအသင်း) လာဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျနော့်ရဲ့ ဆုံးဖြတ်ချက်ကို နောက်ပြန်လှည့်မှာ မဟုတ်ပါဘူး။"

"ကျနော်ဟာ အသင်းအပေါ်ကို ကြီးကြီးမားမား အကျိုးပြုနိုင်မယ်လို့ သေချာပေါက် ပြောရဲပါတယ်။ သူတို့အားလုံးနဲ့ တွေ့ဆုံနိုင်ဖို့အတွက် စောင့်တောင် မစောင့်နိုင်တော့ပါဘူး။ အထူးသဖြင့် အသင်းရဲ့ ပရိသတ်တွေနဲ့ပေါ့"လို့ ပြောဆိုသွားပါတယ်။

ဒါဘီအသင်း နည်းပြ ဖိလစ်ကလည်း "အမှန်တကယ်ပါ။ အရည်အချင်း၊ အတွေ့အကြုံရှိတဲ့ ကစားသမားတစ်ယောက်ကို ခေါ်ယူနိုင်တာဟာ ကလပ်နဲ့အသင်းအတွက် ကြီးမားမှုတစ်ခုပါ။ ဒါဟာ ကလပ်အတွက် လုံးဝ တန်ဖိုးကြီးမာတဲ့ အရာတခုပါ။"လို့ မှတ်ချက်ပြုခဲ့ပါတယ်။

မီဒီယာတွေရဲ့ ဖော်ပြချက်အရ တနင်္လာနေ့က ဒါဘီကောင်တီအသင်းက ဟက်ဒါစ်ဖီးလ်တောင်းအသင်းကို (၂-၁) ဂိုးနဲ့ အနိုင်ရရှိပြီး ချန်ပီယံရှစ်ပြိုင်ပွဲကို ဖွင့်လှစ်နိုင်ခဲ့ပြီးနောက် ဝါနီးရွန်းနီကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တယ်လို့ သိရပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly