ခေတ်မီ ပဲ့ထိန်း စမတ်ဗုံးသစ်တွေကို အီရန်စစ်တပ် ထုတ်ဖော်ပြသ

ခေတ်မီ ပဲ့ထိန်း စမတ်ဗုံးသစ်တွေကို အီရန်စစ်တပ် ထုတ်ဖော်ပြသ

တီဟီရန်၊ သြဂုတ် ၆ ။             ။ ပြည်ပခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အီရန်ဟာ ကာကွယ်ရေးစွမ်းရည် ခိုင်မာအားကောင်းအောင် တည်ဆောက်နေပြီး သြဂုတ် ၆ ရက်နေ့မှာတော့ ခေတ်မီ တိကျတဲ့ ပဲ့ထိန်းပါ စမတ်ဗုံး သုံးလုံးကို အီရန်စစ်တပ်က ထုတ်ဖော်ပြသလာပါတယ်။

ပြည်တွင်းမှာပဲ ထုတ်လုပ်ထားတဲ့ ဒီ ဗုံးသုံးလုံးကို Yasin၊ Balaban နဲ့ Ghaem ဆိုပြီး နာမည်ပေးထားပြီး အီရန်ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် အမ်မိုင်ဟာတာမီ တက်ရောက်တဲ့ အင်္ဂါနေ့က အခမ်းအနားတစ်ရပ်မှာ ထုတ်ဖော်ပြသလိုက်တာပါ။

Balaban စမတ်ဗုံးဟာ အကွာအဝေး ပိုဝေးဝေး ရောက်ရှိအောင် တောင်ပံတွေ တပ်ဆင်ဒီဇိုင်းဆင်ထားကြောင်း၊ GPS စနစ် တပ်ဆင်ပါရှိပြီး အာရုံခံဆင်ဆာတွေလည်း ပါရှိကာ လေယာဉ်အောက်မှာ ထားသိုနိုင်အောင် တီထွင်ထုတ်လုပ်ထားကြောင်း အဲဒီ အခမ်းအနားမှာ မိန့်ခွန်းပြောဆိုရာမှာ အီရန်စစ်ဦးစီးချုပ် အမ်မိုင်ဟာတာမီက ပြောပါတယ်။

Yasin ကတော့ တာဝေးပစ် ပဲ့ထိန်းဒုံးပဲ ဖြစ်ပြီး လူလိုက်ပါတဲ့ လေယာဉ်ကပဲ ဖြစ်ဖြစ်၊ မောင်းသူမဲ့ လေယာဉ်ကနေပဲ ဖြစ်ဖြစ် ကီလိုမီတာ ၅၀ အကွာက ပစ်မှတ်ကို ပစ်လွှတ်နိုင်တယ်လို့ ဟာတာမီက ပြောပါတယ်။

Ghaem ဟာလည်း စမတ်ဒုံးပဲ ဖြစ်ပြီး အနုစိတ် တိုက်ပွဲတွေမှာ သုံးနိုင်မှာဖြစ်ပြီး ပစ်မှတ်ရဲ့ စင်တီမီတာ ၅၀ အဝန်းအဝိုင်းကို ထိမှန်အောင် ပစ်ခတ်နိုင်ကြောင်း အီရန် စစ်ဝန်ကြီးက ပြောပါတယ်။

အီရန်နိုင်ငံဟာ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ အနောက်အုပ်စုရဲ့ စီးပွားရေး ဖိအားပေးမှုတွေကို ရင်ဆိုင်နေရတဲ့ကြားမှာပဲ ၎င်းရဲ့ ကာကွယ်ရေး စွမ်းရည်ကို အထူးမြှင့်တင်နေပြီး ပြည်တွင်းမှာပဲ စစ်လက်နက်ပစ္စည်းတွေ အရှိန်မြှင့် ထုတ်လုပ်လျက် ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required