ကုလလူ့အခွင့်အရေးကောင်စီ၏ အချက်အလက်ရှာဖွေရေးမစ်ရှင်ကို လက်မခံကြောင်း မြန်မာတုံ့ပြန်

ကုလလူ့အခွင့်အရေးကောင်စီ၏ အချက်အလက်ရှာဖွေရေးမစ်ရှင်ကို လက်မခံကြောင်း မြန်မာတုံ့ပြန်

ရန်ကုန် ၊ သြဂုတ် ၆ ။       ။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ သီးသန့်လွတ်လပ်သော နိုင်ငံ တကာ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာကိုလက်မခံကြောင်း မြန်မာနိုင်ငံအစိုးရဘက်က တုံ့ပြန်ပြောဆိုလိုက်သည်။

“အချက်အလက်ရှာဖွေရေးမစ်ရှင်ကိုသော်လည်းကောင်း၊ ယင်း၏အစီအရင်ခံစာကိုသော်လည်းကောင်း မိမိတို့ အသိအမှတ်ပြု လက်ခံမည်မဟုတ်ပါ။ မြန်မာအစိုးရအနေဖြင့် အချက်အလက် ရှာဖွေရေးမစ်ရှင်၏ နောက်ဆုံး ထုတ် အစီရင်ခံစာနှင့် သုံးသပ်ချက်များကို ပြတ်ပြတ်သားသားပယ်ချပါသည်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ်လ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

အချက်အလက်ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာသည် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်း မြန်မာအစိုးရဘက်ကဆိုသည်။ ယင်းလုပ်ဆောင်ချက်များသည် ရခိုင်ပြည်နယ်တွင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးအတွက် အထောက်အကူဖြစ်စေမည် မဟုတ်ကြောင်း အစိုးရဘက်က တုံ့ပြန်ပြောဆိုထားသည်။

မြန်မာနိုင်ငံဆိုင်ရာ သီးသန့်လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာကို သြဂုတ်လ ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီးနောက် ယင်းထုတ်ပြန်ချက်တွင် တပ်မတော်ပိုင် စီးပွားရေး လုပ်ငန်းများအပါအဝင် ဆက်စပ်နေသည့် စီးပွားရေး အဆက်အသွယ်များကို အရေးယူပိတ်ဆို့မှုများ ပြုလုပ်ရန် အကြံပြုထားသည်။

တပ်မတော်ထိပ်သီးခေါင်းဆောင်များပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမိတက် (MEHL) ၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့နှင့် ပတ်သက်ပြီး အသေးစိတ် စုံစမ်းဖော်ထုတ်ထားပြီး “MEHL နှင့် MEC တို့က ဆောက်လုပ်ရေး နှင့် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းက အစ ကုန်ထုတ်လုပ်ငန်း၊ အာမခံလုပ်ငန်း ၊ ခရီးသွားလုပ်ငန်း နှင့် ဘဏ်လုပ်ငန်း စသည့် ကဏ္ဍမျိုးစုံမှ အနည်းဆုံးအနေနှင့် စီးပွားရေး လုပ်ငန်းပေါင်း (၁၂၀) ကို ပိုင်ဆိုင်ထားသည်” ဟု အချက်အလက်ရှာဖွေရေးမစ်ရှင်က ရေးသားဖော်ပြထားသည်။

ယင်းသို့ စီးပွားရေးပိတ်ဆို့မှုများနှင့် ပတ်သက်ပြီး အကြံပေးချက်များသည် ပြဿနာများအား ပြေလည်အောင် ဖြေရှင်းနိုင်လိမ့်မည်ဟု မယုံကြည်ကြောင်း မြန်မာအစိုးရဘက်က တုံ့ပြန်ပြောဆိုထားသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ က ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ သီးသန့်လွတ်လပ်သော နိုင်ငံ တကာ အချက်အလက် ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာကို စက်တင်ဘာတွင် ကျင်းပမည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ တင်သွင်းသွားမည်ဖြစ်သည်။

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required