‘ယူနိုက်တက်က ခင်ဗျားရဲ့ တံခါးကို လာခေါက်ချိန်မှာ ဒါဟာ မယုံကြည်နိုင်လောက်အောင်ဖြစ်တဲ့ အခွင့်အရေးတစ်ခုပါ’ - မက်ဂွိုင်းယား

‘ယူနိုက်တက်က ခင်ဗျားရဲ့ တံခါးကို လာခေါက်ချိန်မှာ ဒါဟာ မယုံကြည်နိုင်လောက်အောင်ဖြစ်တဲ့ အခွင့်အရေးတစ်ခုပါ’ - မက်ဂွိုင်းယား
Photos: Man Utd

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ဘက် လက်စတာအသင်းမှ အင်္ဂလန်ခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားကို နောက်ခံကစားသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် သန်း (၈၀)နဲ့ ခေါ်ယူစာချုပ်လက်မှတ်ရေးထိုးခဲ့ပြီဖြစ်ပါတယ်။

အသက် (၂၆)နှစ်အရွယ် နောက်ခံကစားသမားဟာ အိုးထရက်ဖို့ဒ်မှာ (၆)နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့ကာ တစ်နှစ်ထပ်မံသက်တမ်းတိုးခွင့်ရှိတဲ့ အချက်ကိုပါ ထည့်သွင်းခဲ့ပါတယ်။

မက်ဂွိုင်းယာရဲ့ ပြောင်းရွှေ့ကြေပမာဏဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီကာလတုန်းက လီဗာပူးလ်တို့ ဆောင်သမ်တန်အသင်းမှ ဗန်ဒိုက်ကို ခေါ်ယူခဲ့စဉ်က သုံးစွဲခဲ့တဲ့ ပေါင် (၇၅)သန်း စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

"ဒီလိုကြီးကျယ်ခမ်းနားတဲ့ ကလပ်အသင်းအတွက် စာချုပ်နိုင်ခဲ့လို့ ဝမ်းသာမိပါတယ်။ လက်စတာမှာရှိနေခဲ့တဲ့ အချိန်တွေကလည်းပျော်ရွှင်စရာကောင်းခဲ့ပြီး ကလပ်က လူတွေအားလုံးကို ကျေးဇူးတင်တယ်လို့ ပြောပါရစေ။ ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်က ခင်ဗျားရဲ့ တံခါးကို လာခေါက်ချိန်မှာ ဒါဟာ မယုံကြည်နိုင်လောက်အောင်ဖြစ်တဲ့ အခွင့်အရေးတစ်ခုပါ။"လို့ မက်ဂွိုင်းယားက ပြောပါတယ်။

သူက ဆက်ပြီး "မန်နေဂျာ(နည်းပြ)နဲ့ စကားပြောဆိုအပြီးမှာတော့ အသင်းအတွက် သူမှာရှိတဲ့ ရည်မှန်းချက်နဲ့ အစီအစဉ်တွေအကြောင်းကို သိမြင်ခဲ့ရလို့ ကျနော် စိတ်လှုပ်ရှားခဲ့ပါတယ်။

"အိုလီဟာ ဆုဖလားတွေ ရရှိအောင် အသင်းကို တည်ဆောက်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းပါပဲ။ အခု ကျနော့် အသင်းဖော် သစ်တွေနဲ့ တွေ့ဆုံဖို့ မျှော်လင့်နေပြီး ရာသီသစ်စတင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။”

မက်ဂွိုင်းယားဟာ လက်စတာစီးတီးအသင်းထံ ၂၀၁၇ ခုနှစ်က ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး (၇၆)ပွဲ ကစားကာ (၅)ဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

ဆိုးလ်ရှားက "ဟယ်ရီဟာ ဒီကနေ့ ဘောလုံးလောကမှာ အကောင်းဆုံး ခံစစ်မှူးတွေထဲက တစ်ဦးဖြစ်ပါတယ်။

"သူဟာ ဖိအားတွေအောက်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ဆုံးဖြတ်နိုင်စွမ်းနဲ့အတူ ကွင်းထဲမှာ သန်မာတဲ့ ခေါင်းဆောင်မှုနဲ့ ပွဲကို ဖတ်နိုင်တဲ့ ကစားသမားကောင်းတစ်ယောက်ပါ။

"သူဟာ ကွင်းတွင်း၊ ကွင်းပြင် နှစ်ခုစလုံးမှာ အသင်းနဲ့ ကောင်းကောင်း အသားကျလာပါလိမ့်မယ်။"လို့ ပြောဆိုသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ ယခုနွေရာသီအပြောင်းအရွှေ့ မပိတ်သိမ်းခင် (၃) ရက်အလိုအထိ ကစားသမားတွေ ခေါ်ယူမှုအတွက် ပေါင် (၁)ဘီလီယံကျော် သုံးစွဲထားပြီးဖြစ်ပါတယ်။

Ref; AFP, BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly