နိုင်ငံတကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အကယ်ဒမီတွင် ပါဝင်ရေးအတွက် လွှတ်တော်အတည်ပြု

နိုင်ငံတကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အကယ်ဒမီတွင် ပါဝင်ရေးအတွက် လွှတ်တော်အတည်ပြု

နေပြည်တော်၊ သြဂုတ်လ ၅ ။           ။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအဂတိလိုက်စားမှု တိုက်ဖျက်ရေး အကယ်ဒမီ(IACA)ကို နိုင်ငံတကာ အဖွဲ့ အစည်းထူထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် သြဂုတ်လ ၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့သည်။

အဆိုပါသဘောတူစာချုပ်တွင် အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးရေးအတွက် လွှတ်တော်ကိုယ်စားလှယ်  ကိုး ဦးက ဆွေးနွေးခဲ့ကြပြီး လွှတ်တေ်ာ၏ ဆုံးဖြတ်ချက်ကို ရယူခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စအတွက် ဆွေးနွေးရာတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ဆောင်နေသူများ၏ ခံယူချက်ပိုင်း မြင့်မားစေရန် ကူညီရန် လိုအပ်နေသည်ဟု  ပန်းတောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တေ်ာကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်ကပြောသည်။

“သုံးသပ်ရင်တော့ အဂတိတိုက်ဖျက်နိုင်ဖို့ ဆောင်ရွက်နေကြသူများရဲ့ ခံယူချက်ပိုင်းမြင့်မြင့်မားမားရှိနိုင်ဖို့ စွမ်းရည်ပိုင်းမှာ လိုအပ်သည်များကို ကူညီပေးရန် လိုအပ်နေကြောင်းတွေရှိနိုင်ပါတယ်။ဒါကြောင့် နည်းပညာပိုင်း ဆိုင်ရာနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ခြင်း ဖြင့် အတွေ့အကြုံပိုင်းဆိုင်ရာ တို့ကိုဖြည့်ဆည်း ပေးရမှာဖြစ်ပါတယ်”ဟု ဒေါ်ခင်နှင်းသစ်ကပြောသည်။

ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းခဲ့သည့် ကော်မရှင်၏ နှစ်ပတ်လည် အစီရင်ခံစာအရ အဂတိလိုက်စားမှု သိသာစွာကျဆင်းမှု မရှိသေးကြောင်းနှင့် ဖြောင့်မတ်တည်ကြည်မှုလူငယ်စခန်း အဖွင့်အမှာစကားတွင်  အဂတိ ကော်မရှင် ဥက္ကဋ္ဌဦးအောင်ကြည်ပြောခဲ့သည့် အဂတိလိုက်စားမှု အောင်မြင်ရန် အဝေးကြီးလိုသေး ကြောင်း  စသည့် အချက်များကို  ဥပမာပေးကာ ပြောခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အကယ်ဒမီ(IACA) ကို နိုင်ငံပေါင်း ၇၄ နိုင်ငံနှင့် အဖွဲ့အစည်း လေးခုမှ ပါဝင်လက်မှတ်ရေးထိုးထားသည်။

အဆိုပါ IACA ကို နိုင်ငံတကာအဖွဲ့အစည်းအဖြစ်ထူထောင်ခြင်းဆိုင်ရာ စာချုပ်အရ အကျင့်ပျက်ခြစားမှု တိုက် ဖျက်ရေးအတွက် အဓိက ကိရိယာအဖြစ် နည်းပညာအကူအညီများ စွမ်းဆောင်ရည်မြှင့်တင်မှု နှင့် ပတ်သက်ပြီး ဘုံရည်မှန်းချက်များ ရယူခြင်း၊ အသိပညာပေးခြင်းတို့ပါဝင်ကြောင်း သိရသည်။

 “IACA ကို ဝင်ရောက်ခြင်းဟာ ပြည်သူ့ဆန္ဒနဲ့ အစိုးရလိုအပ်ချက်များကို ဖြည့်ဆည်းပေးရာ ရောက်တယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဂတိတိုက်ဖျက်ရေး က စတင်ဆောင်ရွက်နေပြီဆိုသော်လည်း အရှိန် ရလာဖို့နဲ့ အင်အားရှိဖို့ လိုအပ်သလို ရလဒ်ကောင်းတွေဖြစ်လာဖို့လည်း လိုအပ်နေသေးလို့ ဖြစ်ပါတယ်”ဟု ဒေါ်ခင်နှင်းသစ်ကပြောသည်။

အလားတူ (IACA)တွင် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများပို့ချခြင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း များသည် လူ့စွမ်းအားအရင်းအမြစ်တည်ဆောက်ခြင်းအတွက် အသိအမှတ်ပြုသည့် အချက်များလည်း ပါဝင်ကြောင်း သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ပေါ်ပေါက်လာပြီးနောက်ပိုင်း ၂၀၁၉ခုနှစ် ဇွန်လကုန်ပိုင်းအထိ တိုင်စာပေါင်း ၁၅၀၀၀ ကျော်တွင် တရားစွဲနိုင်သည့်အမှု ၃ရမှုရှိပြီး တရားစွဲဆိုနိုင်သူ ၁၀၆ ဦးသာ ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly