ဘရာဇီးမှာ အမျိုးသမီးငယ်အဖြစ် ရုပ်ဖျက်ပြီး ထောင်ကနေ ထွက်ပြေးဖို့ လုပ်ခဲ့တဲ့ အကျဉ်းသား အဖမ်းခံရ

ဘရာဇီးမှာ အမျိုးသမီးငယ်အဖြစ် ရုပ်ဖျက်ပြီး ထောင်ကနေ ထွက်ပြေးဖို့ လုပ်ခဲ့တဲ့ အကျဉ်းသား အဖမ်းခံရ

သြဂုတ် ၅ ။              ။ ဘရာဇီးအကျဉ်းထောင်တစ်ခုမှာ အကျဉ်းသားတစ်ဦးဟာ ၎င်းရဲ့ ဆယ်ကျော်သက်အရွယ် သမီးဖြစ်သူ အဖြစ် အယောင်ဆောင် ရုပ်ဖျက်ပြီး ထောင်ကနေ ထွက်ပြေးဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ဘဲ အဖမ်းခံလိုက်ရပါတယ်။

၎င်းအကျဉ်းသားဟာ မျက်နှာဖုံး၊ ဆံပင်တု တို့ကို သုံးကာ ၎င်းရဲ့ သမီးအဖြစ် ရုပ်ဖျက်ပြီး ထောင်အမှုထမ်းတွေကို လှည့်စားဖို့ လုပ်ခဲ့ပေမယ့် ထောင်အာဏာပိုင်တွေက ရိပ်မိပြီး ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

ရုပ်ဖျက် ထွက်ပြေးဖို့ ကြိုးပမ်းခဲ့တဲ့ အကျဉ်းသားကတော့ မူးယစ် မှောင်ခိုကူးသမား ကလော်ဗီနို ဒါ ဆေးဗားလ် ဆိုသူ ဖြစ်ပြီး ၎င်းကတော့ ပြီးခဲဲ့တဲ့ သြဂုတ် ၃ ရက်က ရီယိုဒီ ဂျနေးရိုးမြို့ အနောက်ဘက် အကျဉ်းထောင်တစ်ခုကနေ ထွက်ပြေးဖို့ လုပ်ခဲ့တာ ဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ဒါ ဆေးဗားလ်ကတော့ ၎င်းရဲ့ သမီးလိုမျိုး ဝတ်ဆင်ရုပ်ဖျက်ပြီး အကျဉ်းထောင် အဆောက်အအုံ ရှေ့ပေါက်ကနေ ထွက်ခွာဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

၎င်းဟာ ဆံပင်တု၊ မျက်နှာဖုံး၊ မျက်မှန်တို့အပြင် ဘရာစီယာအပါအဝင် အမျိုးသမီး အဝတ်အစားတွေကို ဝတ်ပြီး ရုပ်ဖျက်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါ ဆေးဗားလ်ဟာ ယင်းအချိန်က ၎င်းကို ဧည့်လာတွေ့တဲ့ သမီးဖြစ်သူရဲ့ အဝတ်တွေကို ဝတ်ပြီး သူမရဲ့ နောက်ကနေ ခပ်တည်တည်နဲ့ လိုက်ပြီးထွက်ဖို့ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ယင်းနောက် ထောင် တာဝန်ရှိသူတွေက မသင်္ကာဖြစ်ပြီး ၎င်းကို တားဆီးလိုက်နိုင်တာဖြစ်ပါတယ်။

ယခုဖြစ်စဉ်မှာတော့ ဒါ ဆေးဗားလ်ရဲ႕ သမီးအပါအဝင် အခြား ဧည့်သည်ခုနစ်ဦးကို အကျဉ်းသားအား လွတ်အောင် အားပေးကူညီမှုဖြင့် ရဲစခန်းမှာ ခေါ်ယူထိန်းသိမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒါ ဆေးဗားလ်ကိုတော့ ပြစ်ဒဏ် ပေးတဲ့အနေနဲ့ ထောင်ပြောင်းလိုက်ကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required