မန္တလေးဆိပ်ကမ်းအတွင်း ဝင်ထွက်နေသော ရေယာဉ်များကို စည်ကမ်းလိုက်နာမှု ရှိမရှိ စစ်ဆေး

မန္တလေးဆိပ်ကမ်းအတွင်း ဝင်ထွက်နေသော ရေယာဉ်များကို စည်ကမ်းလိုက်နာမှု ရှိမရှိ စစ်ဆေး
(ဓာတ်ပုံ၊ကိုကိုအောင်၊မဇ္ဈိမ)

မန္တလေး၊ သြဂုတ် ၅ ။         ။ ဧရာဝတီမြစ် မန္တလေးဆိပ်ကမ်းဧရိယာအတွင်း ဝင်ထွက်သွားလာနေသည့် ကုန်တင်ရေယာဉ်များနှင့် ခရီးသည်တင် ရေယာဉ်များ သတ်မှတ်စည်းကမ်းချက်များလိုက်နာမှု ရှိ၊မရှိကို မန္တလေးတိုင်းဒေသကြီး ရေယာဉ်ထိန်းသိမ်းရေးအဖွဲ့ခွဲက သြဂုတ်လ ၅ ရက်၊နံနက် ၉ နာရီမှစတင်၍ လှည့်လည် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

"မန္တလေးဆိပ်ကမ်းမှာ ဝင်ရောက်ဆိုက်ကပ်နေတဲ့ သင်္ဘောတွေ စည်းကမ်းစနစ်တကျရှိအောင် ကျွန်တော်တို့က စိစစ်ဆေးပေးတယ်။လက်ရှိအနေအထားကတော့  လုပ်ငန်းလိုင်စင် ရေယာဉ် မှတ်ပုံတင် ရှိမရှိ။ စက်ခန်းအုပ်၊ ရေယာဉ်အုပ်တွေ ပြည့်စုံမှု ရှိ မရှိ။ သတ်မှတ်ချက် လက်မှတ်အတိုင်း လူဦးရေ ပါမပါ။ပြီးတော့ သတ်မှတ် ကုန် တန်ချိန်ထက် ပိုမိုတင်ဆောင်ထားခြင်း ရှိမရှိ။ခရီးသည်တင်ရေယာဉ်ဆိုရင်တော့ ခရီးသည် ပိုမို တင်ဆောင် ထားခြင်းရှိမရှိ။သတ်မှတ် ရေဆူးကျော်ပြီး တင်ဆောင်ခြင်းရှိတာတွေကို အဓိကထားပြီး သူတို့ရဲ့ လုံခြုံရေး အတွက်ကို စစ်ဆေးပေးနေတာပေါ့။"ဟု မန္တလေးတိုင်းဒေသကြီး၊ရေကြောင်းပို့ဆောင်ရေး ဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးသန့်စင်ဦးက မဇ္ဈိမကိုပြောသည်။

စစ်ဆေးရေးအဖွဲ့တွင် မန္တလေးတိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးမှူး၊ ရေကြောင်းရဲတပ်ဖွဲ့ခွဲ(မန္တလေး)၊ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ဦးစီးဌာန၊ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ပါဝင်သည်။

"ကျွန်တော်တို့ ရေဆူးမှတ်ကျော်တဲ့ ရေယာဉ်တွေကိုလည်း တိုင်းဒေသကြီး စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ အနေ နဲ့ ပေးမထွက်ဘူး။ကုန်ပြန်ချပေါ့။လုံလောက်တဲ့ ရေဆူ ရေမှတ်ရောက်မှ လုံခြုံမှုရှိပြီဆိုမှ သတင်းပို့ခိုင်းပြီး ပြန် ထွက်ခိုင်းတယ်။ ဒီနှစ်ထဲ ဒီလထဲမှာတော့ ဒါပထမဦးဆုံးလုပ်တာပေါ့။ပုံမှန်ကလည်း ဆင်ကျွန်းစစ်ဆေးရေးဂိတ် ထားထားပေးတယ်။အဲဒီကမှ အဝင်အထွက် သင်္ဘောတွေကို စစ်တယ်။သူတို့ရဲ့ မလိုလားအပ်တဲ့ဖြစ်စဉ်တွေ ပစ္စည်းဆုံးရှုံးမှု လူဆုံးရှုံးမှုဆိုတာတွေ မဖြစ်ရအောင်ကြပ်မတ်ပေးနေတာပေါ့။"ဟု ဦးသန့်စင်ဦးက ဆက်ပြောသည်။

ရေယာဉ်များ မတော်တဆမှုမဖြစ်ပွားစေရန်နှင့်ဝန်ပိုတင်မှုများ မရှှိစေရန်အတွက် ယခုကဲ့သို့ စစ်ဆေး နေရခြင်းဖြစ်ပြီး စည်ကမ်းမလိုက်နာသည့် ယာဉ်များကို အရေးယူမှုများ လုပ်ဆောင်သွားမည်ဟု သိရသည်။

"ရေယာဉ်တွေ မတော်တဆဖြစ်တာတို့ ဝန်ပိုတင်တာတို့မဖြစ်အောင်တို့ ခရီးသည်ရေယာဉ်မှာ အသက်ကယ် အင်္ကျီတွေ စုံမစုံတို့စစ်တယ်။ပြီးရင် ကုန်တင်ရေယာဉ်မှာလည်း ဝန်ပိုတင်တယ်။ဝန်ပိုတင်တဲ့အခါ မလိုလား အပ်တဲ့ပြဿနာတွေဖြစ်မှာ စိုးတဲ့အတွက် သူတို့ကို စစ်ဆေးမေးမြန်းတာတွေလုပ်တယ်။ အရေးယူသင့်တဲ့ အပိုင်းလည်း အရေးယူပါတယ်။"ဟု ရေကြောင်း ရဲတပ်ဖွဲ့ခွဲ(မန္တလေး)မှ ဒုရဲမှူး ဖြိုးသီဟကပြောသည်။

မန္တလေးဆိပ်ကမ်းသို့ ဆိုက်ကပ်ပြီး ကုန်နှင့်ခရီးသည်များ တင်ဆောင်နေသည့် ရေယာဉ်များအနေဖြင့် သတ်မှတ်ဝန်ထက်ပိုတင်ခြင်း၊သတ်မှတ်ခရီးသည်ထက်ပိုတင်ခြင်းတို့ စစ်ဆေးတွေ့ရှိပါ ဆက်လက် ထွက်ခွာ ခွင့်မပြုဘဲ ဝန်ပိုတင်ထားခြင်းနှင့်ခရီးသည် ပိုတင်ထားခြင်းတို့ကို ပြန်လည်ချထားပြီးမှသာ သတ်မှတ် စည်းကမ်း များဖြင့် ထွက်ခွာခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရေယာဉ်များ အန္တရာယ်ကင်းရှင်းစေရေးနှင့်ခရီးသည်များ ဘေးကင်းလုံခြုံရေးအတွက်လည်း မန္တလေးတိုင်းဒေသကြီး ရေယာဉ်ထိန်းသိမ်းရေးအဖွဲ့မှ လှည့်လည်စောင့်ကြည့်စစ်ဆေးမှုများ လုပ်ဆောင် သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required