၁ လအတွင်း သုံးစင်းမြောက် နိုင်ငံခြားသင်္ဘောကို အီရန် ဖမ်းဆီး

၁ လအတွင်း သုံးစင်းမြောက် နိုင်ငံခြားသင်္ဘောကို အီရန် ဖမ်းဆီး

သြဂုတ် ၅ ။        ။ ပင်လယ်ကွေ့တွင် နောက်ထပ် နိုင်ငံခြား ဆီတင် သင်္ဘောတစ်စင်းကို ဖမ်းဆီးလိုက်ကြောင်း အီရန်က သြဂုတ် ၄ ရက်မှာ ထုတ်ပြန်လိုက်သည်။

ယင်း လုပ်ရပ်သည် ရန်သူတော် အမေရိကန်နှင့်အကြား တင်းမာမှု မြင့်တက်နေစဉ် တစ်လအတွင်း တတိယမြောက်လုပ်ဆောင်သည့် သင်္ဘော ဖမ်းဆီးမှုလည်း ဖြစ်လာခဲ့သည်။

တရားမဝင် မှောင်ခိုထုတ်လာသည့် လောင်စာဆီ ဂါလံ ခုနစ်သိန်း ဝန်းကျင်ကို တင်ဆောင်လာသော ပြည်ပဆီတင်သင်္ဘောကို ဖာဆီကျွန်းအနီးဝန်းကျင်တွင် အီရန် အစ္စလမ္မစ် တော်လှန်ရေး အစောင့်တပ်က ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ယင်း အစောင့်တပ်ကို ကိုးကားပြီး နိုင်ငံပိုင် သတင်းအေဂျင်စီ IRNA က ထုတ်ပြန်ဖော်ပြသည်။

ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက် ညပိုင်းက လုပ်ဆောင်ခဲ့သည့် ယင်းဖမ်းဆီးမှုအတွင်း နိုင်ငံခြားသင်္ဘောအမှုထမ်း ခုနစ်ဦးကိုပါ ထိန်းသိမ်းထားကြောင်း သိရသည်။

ယင်းသည် ၀ါရှင်တန်ဘက်က တီဟီရန်အပေါ် အပြင်းထန်ဆုံး ဖိအားပေးမှုတွေ ပြုလုပ်လာခဲ့ပြီးနောက်ပိုင်း ရန်သူတော်နှစ်နိုင်ငံအကြား တင်းမာမှုတို့သည် ယခုနှစ်အတွင်း အရှိန်မြင့်သထက် မြင့်လာနေလျက် ရှိသည်။

ယမန်နှစ်ကလည်း အမေရိကန်တို့ဘက်က သမိုင်းဝင် အီရန် နျူကလီးယားသဘောတူညီချက်ကနေ နုတ်ထွက်ထားခဲ့သကဲ့သို့ ယခုနှစ် မေလ နောက်ပိုင်းတွင်လည်း ပင်လယ်ကွေ့ဒေသတွင် သင်္ဘောများ တိုက်ခိုက်ခံရမှု၊ ဒရုန်းများ ပစ်ချခံရမှု၊ ရေနံတင်သင်္ဘောများ ဖမ်းဆီးခံရမှုဖြစ်စဉ်များ ပေါ်ပေါက်ထားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required