ဟောင်ကောင်သည် အလွန်အန္တရာယ်ကြီးသည့် အခြေအနေသို့ ရောက်လုနီးနေပြီဟု ခေါင်းဆောင် ကာရီလမ်း ကြေညာ

ဟောင်ကောင်သည် အလွန်အန္တရာယ်ကြီးသည့် အခြေအနေသို့ ရောက်လုနီးနေပြီဟု ခေါင်းဆောင် ကာရီလမ်း ကြေညာ

သြဂုတ် ၅ ။     ။ လက်ရှိ ပေါ်ပေါက်နေသည့် ဆန္ဒပြမှုများက ဟောင်ကောင်ကို အလွန်အန္တရာယ်ကြီးသည့် အခြေအနေတစ်ခုသို့ ဆိုက်ရောက်လုနီးပါး ဖြစ်စေခဲ့ပြီ ဖြစ်ကြောင်း ဟောင်ကောင်ခေါင်းဆောင် ကာရီလမ်းက သြဂုတ် ၅ ရက် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ထုတ်ဖော်ပြောဆိုသွားခဲ့သည်။

တစ်ဆက်တည်းမှာပင် ဒီမိုကရေစီ တောင်းဆိုသော ဆန္ဒပြသူများက ဟောင်ကောင်မြို့ကို ဖျက်ဆီးရန် ကြိုးပမ်းနေသလို ဖြစ်နေကြောင်း ပြဿနာ ပတ်လည်ဝိုင်းနေသော ခေါင်းဆောင် ကာရီလမ်းက အပြစ်ဖို့သွားခဲ့သည်။

ဘဏ္ဍာရေးအချက်အချာနေရာတစ်ခုဖြစ်သော ဟောင်ကောင်တွင် ပြီးခဲ့သည့်နှစ်လအတွင်း စုရုံးချီတက်ဆန္ဒပြမှုများ၊ ဆန္ဒပြသမားများနှင့်ရဲများ ထိပ်တိုက်တွေ့ ပဋိပက္ခဖြစ်မှုများ အဆက်မပြတ် ဖြစ်ပေါ်နေခဲ့သည်။

“ ခု ပြီးခဲ့တဲ့ ကာလတွေအတွင်း  ဖြစ်ခဲ့တဲ့ ဆန္ဒုပြပွဲတွေ၊ ချီတက်မှုတွေကြောင့် အကြမ်းဖက်ပဋိပက္ခတွေကို အရှိန်ပိုမြင့်စေခဲ့တာကို တွေ့ခဲ့ရပြီး ဖြစ်တယ်။ ဒီလိုမျိုး စိုးရိမ်ပူပန်စရာ လုပ်ရပ်တွေက ဖြစ်သင့်ဖြစ်ထိုက်တဲ့ အတိုင်းအတာကို ကျော်လွန်နေခဲ့ပါပြီ၊ ဒီလိုမျိုး လုပ်ရပ်တွေက ဟောင်ကောင်ရဲ့ ဥပဒေကို အကြီးအကျယ် တိုက်စားနေသလို ကျွန်မတို့ အားလုံးချစ်ကြတဲ့ ဟောင်ကောင်ကိုလည်း အင်မတန် အန္တရာယ်များတဲ့ အခြေအနေတစ်ခုကို ဆိုက်ရောက်လုနီးပါးအထိ ဖြစ်စေခဲ့ပါပြီ” လို့ ကာရီလမ်းက ပြောသွားသည်။

အလားတူ ယခုကဲ့သို့ အကျပ်အတည်းများ ကြုံနေရသော်လည်း သူမအနေဖြင့် ရာထူးမှ နှုတ်ထွက်ရန် မရှိကြောင်းလည်း သူမက ထပ်လောင်းပြောသွားသည်။

ယင်းအစား လက်ရှိဖြစ်ပေါ်နေသည့် ဝရုန်းသုန်းကား မတည်မငြိမ် အခြေအနေများကို ထိန်းချုပ်နိုင်ရန် ဆက်လက် လုပ်ဆောင်သွားမည်ဟု ကြုံးဝါးသွားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags