ကျူးကျော်များကို ကျပ်သိန်း ၃ဝတန် တိုက်ခန်းများ ရောင်းချပေးရန် စီစဉ်နေ

By ကရိုင်နူးရာ
04 August 2019
ကျူးကျော်များကို ကျပ်သိန်း ၃ဝတန် တိုက်ခန်းများ ရောင်းချပေးရန် စီစဉ်နေ

သြဂုတ်လ ၄ ရက် ။          ။ ရန်ကုန်တိုင်းအတွင်းရှိ ကျူးကျော်များအတွက် ကျပ်သိန်း ၃၀ တန်တိုက်ခန်းများကို ရောင်းချပေးရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ ရန်ကုန်တိုင်းအတွင်း ကျူးကျော် နေထိုင်သူများကို လက်ရှိအစိုးရ တာဝန်ယူချိန်အတွင်း ဖြေရှင်းနိုင်ရန် ကြိုးပမ်းသွားမည်ဟုလည်း ဆက်လက်ပြောကြားသည်။

မြို့နယ်ခြောက်ခုတွင် ဆောက်လုပ်မည့် အဆိုပါစီမံကိန်းနှင့် ပတ်သတ်၍ သြဂုတ်လ (၃)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင်ကျင်းပသည့် တိုင်းအစိုးရနှင့် သတင်းမီဒီယာတွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

"ရန်ကုန်တိုင်းဒေသအတွင်းမှာရှိတဲ့ လယ်ယာမြေတွေကို မြို့ပြအဖြစ် ပုံဖော်ခဲ့ပြီး ကွက်လပ်တွေအဖြစ် ကျန်နေတဲ့နေရာတွေကို ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ နေရေးအခက်အခဲဖြစ်နေတဲ့ ကျူးကျော် နေထိုင်နေသူတွေကို စနစ်တကျစီမံခန့်ခွဲပေးနိုင်ဖို့ ဖြစ်ပါတယ်။ မြေ လေးဧက ငါး ဧကလောက်ရှိတဲ့ အကွက်တစ်ခုကို ခြံစည်းရိုးခတ်ပြီး အခြေခံအဆောက်အဦးတွေ တည်ဆောက်ပြီး ကျူးကျော်နေထိုင်နေတဲ့သူ၊ စမတ်ကတ် ကောက်ယူထားတဲ့သူ၊ အမှန်တကယ် နေရေးအခက်အခဲရှိနေတဲ့သူတွေကို နှစ်ခန်းတွဲအိမ်လေး တွေ ဆောက်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ဒီအိမ်တွေကို နေထိုင်မယ့်သူတွေကနေ အသေးစားချေးငွေနဲ့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မြေကိုတော့ အစိုးရက ထည့်ဝေပေးမှာဖြစ်ပါတယ်။ ဒီမြေတွေကို ကွန်မြူနီတီပိုင် အဖြစ်နဲ့ ထားရှိမှာ ဖြစ်တဲ့အတွက် ဒီနေရာမှာ နေထိုင်တဲ့သူတွေဟာ သူတို့အတွက် တည်ဆောက်ပေးထားတဲ့ အဆောက်အဦးတွေကို ရောင်းချခြင်း၊ ပေါင်းနှံခြင်း၊ လွှဲပြောင်းပိုင်ခွင့် မရှိပါဘူး။ သူတို့ကို နေရေးအဆင်ပြေ အောင်သာ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ် " ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

အဆိုပါတန်ဖိုးနည်းအိမ်ယာများကို အစိုးရမြေပေါ်တွင် မြေတန်ဖိုးထည့်သွင်းခြင်း မရှိပဲ ရောင်းချပေးမည်ဖြစ်ပြီး ကျူးကျော်အမည်ခံ စီးပွားရှာနေသူများကို ရောင်းချပေးမည် မဟုတ်ဟု ဆက်လက်ပြောကြားသည်။

ထို့အပြင် အလုပ်နှင့်ဝင်ငွေရှိသည့် ကျူးကျော်များ၊ အစိုးရဝန်ထမ်းနှင့် ကုမ္ပဏီဝန်ထမ်းများကိုလည်း ၁၅နှစ်အရစ်ကျစနစ်ဖြင့် တန်ဖိုးနည်းအိမ်ရာများ ရောင်းချပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။

စီမံကိန်းဖော်ဆောင်မည့် အဆိုပါတန်ဖိုးနည်းအိမ်ရာများကို ပျိုမေ့အိမ် လူမှုဖွ့ံဖြိုးတိုးတက်ရေး အသင်းနှင့် ပူးပေါင်းကာ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံတောင်၊ ဒဂုံမြောက်၊ ဒဂုံအရှေ့နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့တွင် လေးထပ်မှ ငါးထပ်အထိ အထပ်မြင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly