ရှစ်လေးလုံးအရေးတော်ပုံကို ယူနက်စကိုဝင်ရန်ကြိုးစားသွားမည်ဟုဆို

ရှစ်လေးလုံးအရေးတော်ပုံကို ယူနက်စကိုဝင်ရန်ကြိုးစားသွားမည်ဟုဆို
Photo- AFP

ရန်ကုန်၊ သြဂုတ် ၃ ။      ။ မြန်မာနိုင်ငံ၏ ကျောင်းသားလှုပ်ရှားမှုကြီး ဖြစ်သည့် “ရှစ်လေးလုံးအရေးတော်ပုံ” ကို ကမ္ဘာ့မှတ်တမ်း (ယူနက်စကို) ဝင်ရန်ကြိုးစား သွားမည်ဟု ရှစ်လေးလုံးပြတိုက် ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင်၊ ၈၈ မျိုးဆက်မှ ဦးတိုးကျော်လှိုင်က မဇ္စျိမသို့ပြောသည်။

“ ရှစ်လေးလုံးအရေးတော်ပုံရဲ့သမိုင်းကို ကျွန်တော်တို့က ကမ္ဘာ့မှတ်တမ်းဆိုတဲ့ ယူနက်စကိုရဲ့အစီအစဉ်ထဲမှာ ဝင်ချင်တာ။ အဲ့ဒါကို လျှောက်ချင်တာ “ ဟု ၎င်းကဆိုသည်။

သြဂုတ်လ ၃ ရက်နေ့က ရန်ကုန်မြို့ရှိ ဓမ္မပီယကျောင်းတိုက်တွင်ပြုလုပ်ခဲ့သည့် ရှစ်လေးလုံးအရေးတော်ပုံ ၃၁ နှစ်မြောက်ပွဲကျင်းပရေး နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ထိုသို့ ရှစ်လေးလုံး ဖြစ်စဉ်မှတ်တမ်းကို ယူနက်စကိုတင်သွင်းနိုင်ရေး စာတမ်းများလည်းပြုစုနေကာ၊ အမှန်တကယ်ကြုံ တွေ့ခဲ့သူများ ဆီမှလည်း အချက်အလက်များကောက်ယူနေကြောင်း ဦးတိုးကျော်လှိုင်ကပြောသည်။

ထို့အပြင် ဒေတာအချက်အလက်အနေဖြင့် ရှစ်ဆယ့်ရှစ်အရေးအခင်းတွင် သတင်းမီဒီယာများမှရိုက်ကူးထားသည်များကိုလည်း စုဆောင်း ထားကာ အသုံးပြုခွင့်တောင်းခံနေသည့်အပြင် ရရှိနိုင်သမျှအချက်အလက်များအားလုံးကိုလည်း စုဆောင်းနေကြောင်း ၎င်းကဆိုသည်။

“ ဒီလိုအထိန်းအမှတ်ဝင်ဖို့ရာတင်တဲ့အခါမှာ ကျွန်တော်တို့ ရှစ်လေးလုံးပြတိုက်ဖြစ်မြောက်ရေး ကော်မတီအနေနဲ့ တိုက်ရိုက် တင်ခွင့် မရှိပါဘူး။ အဲ့တာက နိုင်ငံရဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ သဘောထားမှတ်ချက် သူတို့ရဲ့ခွင့်ပြုချက်နဲ့ ပဲတင်ရတာဖြစ် တဲ့အတွက် ကျွန်တော်တို့က ၂၀၁၈ မှာမမီခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ မှာတော့ ထပ်မံပြီးတော့ကြိုးစားကြည့်ပါဦးမယ် “ ဟု ၈၈ မျိုးဆက်မှ ဦးတိုးကျော်လှိုင်ကပြောသည်။

“ရှစ်လေးလုံးအရေးတော်ပုံ” ကို ကမ္ဘာ့မှတ်တမ်း (ယူနက်စကို) ဝင်ရန် ၂၀၁၈ ခုနှစ်ပိုင်းကကြိုးစားခဲ့သော်လည်း သာသနာရေး ဝန်ကြီးဌာနမှ တင်သွင်းပေးခဲ့ခြင်းမရှိကြောင်းလည်း သိရသည်။

အဆိုပါကိစ္စရပ်နှင့် ပက်သက်၍ ဝန်ကြီးဌာနနှင့် ၈၈ မျိုးဆက်တာဝန်ရှိသူများ အစည်းအဝေးတစ်ကြိမ်ပြုလုပ်ထားဖူးကြောင်းလည်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုညွှန်ချပ်ဒေါက်တာကိုကိုနိုင်က မဇ္စျိမသို့ပြောသည်။

“ အရင်တုန်းကတော့ တစ်ကြိမ်ပြောထားတာရှိတယ်။ ဒါပေမယ့် သူတို့က အချက်အလက်စုရမှာပေါ့လေ။ စုပြီးမှထူးခြားတဲ့ဟာပေါ့။ ယူနက် စကိုဝင်တာက တင်လို့တော့ရတယ်။ အချက်အလက်တိကျဖို့တော့လိုတာပေါ့နော်။ အပြောနဲ့တော့မရဘူးပေါ့။ သူတို့ကလည်း ကိုယ့်ဟာကိုယ်ရှာပါမယ်လို့တော့ပြောထားတယ်။ အချက်အလက်နဲ့ ဘောင်ဝင်တယ်ဆိုရင်တော့ တင်ပေးမှာပါ “ ဟု ၎င်းကဆိုသည်။

ယူနက်စကို (မြန်မာ) မှ တာဝန်ရှိသူ ဒေါ်ဥမ္မာမျိုးကို မဇ္စျိမက ဆက်သွယ်မေးမြန်းကြည့်သည့်အခါ အမှတ်တရပုံစံမျိုး ကမ္ဘာ့ မှတ်တမ်း တင်သွင်းရန်ပြောဆိုထားဖူးကြောင်းနှင့် တင်သွင်းရန် ဖြစ်နိုင်ကြောင်းဆိုသည်။

ထို့ကြောင့် ၈၈ မျိုးဆက်တာဝန်ရှိသူများမှ အချက်အလက်များစုဆောင်းနေသကဲ့သို့ ယူနက်စကိုဝင်ရေး အထောက်အကူပြုနိုင်ရန် ရှစ်လေးလုံးပြတိုက်ကို အမြန်ဆုံးဖွင့်လှစ်နိုင်ရန် ကြိုးစားနေကြောင်းလည်း ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံနှင့်အလားတူ တောင်ကိုရီးယားနိုင်ငံတွင် ၁၉၈၀ ခုနှစ်က ဂွမ်ဂျူးပြည်နယ်ရှိကျောင်းသားများမှ စတင်ခဲ့သည့် အာဏာရှင် တော်လှန်မှုသည်လည်း ယူနက်စကိုမှနေ၍ ကမ္ဘာ့မှတ်တမ်းအဖြစ်အသိအမှတ်ပြုခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required