ရန်ကုန်- ဘုတ်ပြင်း MNA လေယာဉ် ရှေ့ညာဘက်မှန် အက်ကွဲ၍ မြိတ်လေဆိပ်တွင် ရပ်နားထား

ရန်ကုန်- ဘုတ်ပြင်း MNA လေယာဉ် ရှေ့ညာဘက်မှန် အက်ကွဲ၍ မြိတ်လေဆိပ်တွင် ရပ်နားထား
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ သြဂုတ် (၃) ။       ။ ရန်ကုန်- မြိတ်- ဘုတ်ပြင်းသို့ ပြေးဆွဲနေသည့် ခရီးသည်တင် MNA ATR- 72 လေယာဉ် သည် ရှေ့ဘက် ညာမှန်အက်ကွဲ၍ သြဂုတ် ၃ ရက်နေ့ နံနက်ပိုင်းက မြိတ်လေဆိပ်၌ ရပ်နားထားရကြောင်း သိရသည်။

အဆိုပါ MNA ATR- 72 XY- AMJ လေယာဉ်ပေါ်တွင် လေယာဉ်မှူး CAPT နေမျိုးထွန်း အပါဝင် လေယာဉ် အမှုထမ်း ၅ ဦးနှင့် ခရီးသည် ၁၃ ဦးတို့ စီးနင်းလိုက်ပါလာခဲ့ပြီး သြဂုတ်လ ၃ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ် အချိန်တွင်မှန်အက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ငှက်တိုက်တာ မဟုတ်ပါဘူး၊ မိုးလေဝသ အခြေအနေကြောင့်ရယ် လေဖိအား ဖြစ်လို့ မှန်အက်ကွဲတာ ဖြစ်တယ်။ အခုက အပြင်မှန် ကွဲတာလား အထဲမှန် ကွဲတာလား သေသေ ချာချာမသိသေးပါဘူး။ ရန်ကုန်က စစ်ဆေး ရေး အဖွဲ့တွေကို လှမ်းခေါ်ထားပါတယ်။ တပ်ဆင်လို့ လွယ်ရင် တပ်ပြီး၊ ဒီကနေ့ ရန်ကုန်ကို ပြန်သန်းပါမယ်၊ တကယ်လို့ မရဘူးဆိုရင် မြိတ်မှာ တစ်ည ရပ်နား ပါမယ်”ဟု  MNA ATR- 72 XY- AMJ မှ တာဝန်ရှိသူ လေယာဉ်မှူးက ပြောသည်။

သြဂုတ်လ ၂ ရက်နေ့ ညနေပိုင်းတွင် Golden Myanmar Airlines ၏ လေယာဉ် ခရီးစဉ်အမှတ် Y5 – 506 သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မတော်တဆမှုဖြစ်ခဲ့ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေယာဉ်ပြေးလမ်း အား ညနေ ၄ နာရီ ၄၁ မိနစ်မှ စတင်၍ ခေတ္တပိတ်ထားခဲ့ရမှုတစ်ခုလည်းဖြစ်ပေါ်ခဲ့ဖူးသည်။

ထို့ကြောင့် ယခု MNA ATR- 72 လေယာဉ်မှန်ကွဲခြင်းကိစ္စသည် သြဂုတ်လအတွင်း လေယာဉ်နှင့် ပတ်သက်၍ ဖြစ်ပွားခဲ့သော ဒုတိယဖြစ်စဉ်တစ်ခုလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly