အကြမ်းဖက်ခြိမ်းခြောက်မှုတွေကြောင့် ကက်ရှ်မီးယားမှ ထွက်ခွာသွားဖို့ ခရီးသွားဧည့်သည်တွေကို အိန္ဒိယ ညွှန်ကြား

အကြမ်းဖက်ခြိမ်းခြောက်မှုတွေကြောင့် ကက်ရှ်မီးယားမှ ထွက်ခွာသွားဖို့ ခရီးသွားဧည့်သည်တွေကို အိန္ဒိယ ညွှန်ကြား

ကက်ရှ်မီးယား၊ သြဂုတ် ၃ ။         ။ အကြမ်းဖက်တိုက်ပွဲတွေ ဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေကြောင့် ကက်ရှ်မီးယားဒေသကနေ ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေ ထွက်ခွာသွားဖို့ အိန္ဒိယအာဏာပိုင်တွေဟာ သြဂုတ် ၂ ရက်နေ့မှာ ပြောဆိုညွှန်ကြားလာပါတယ်။

ပြဿနာရှုပ်ထွေးရာ ဟိမဝန္တာအရပ်ဆီ စစ်လက်နက်ကိုင်အင်အား ၂၅၀၀၀ ကို အိန္ဒိယက စေလွှတ်ထားကြောင်း မီဒီယာတွေက သတင်းတွေ ဖော်ပြနေချိန်လည်း ဖြစ်ပါတယ်။

ပါကစ္စတန်ကလည်း ၎င်းတို့ ပိုင်ဆိုင်ကြောင်း အတည်ပြုထားတဲ့ မွတ်စလင်အများစု ကက်ရှ်မီးယားဒေသမှာ အိန္ဒိယက အစားအစာနဲ့ လောင်စာတွေ စုဆောင်းထားဖို့ တိုက်တွန်းတာနဲ့အတူ အရံတပ်အင်အား ဖြည့်တင်းခြင်းနဲ့ လုံခြုံရေးတင်းကြပ်ခြင်းတွေကြောင့် အထိတ်တလန့် ရှိနေပါတယ်။

ဒေသရဲ့ လတ်တလော အခြေအနေက ဘဏ်ငွေထုတ်စက်တွေနဲ့ အစားအစာ စတိုးဆိုင်တွေမှာ လူတွေ တန်းစီစောင့်ဆိုင်းနေသလို ဓာတ်ဆီဆိုင်တွေမှာလည်း ကားတွေ စီတန်းပြီး အရေးပေါ်အခြေအနေအတွက် အသင့်ပြင်ဖို့ လုပ်ဆောင်နေတဲ့ အခြေအနေမျိုကို မြင်တွေ့နေရပါတယ်။

ဟိန္ဒူဘုရားဖူး လူစုလူဝေးကို အကြမ်းဖက်တိုက်ခိုက်မယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းတွေ ရထားတာကြောင့် ဘုရားဖူးတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေအနေနဲ့ ဒေသကနေ ချက်ချင်း ထွက်ခွာသွားကြဖို့ ပြောဆိုတိုက်တွန်းရတာဖြစ်ကြောင်း ဂျမ်မူးနဲ့ ကက်ရှ်မီးယား ပြည်နယ်အစိုးရက ပြောပါတယ်။

နှစ်စဉ် ဟိန္ဒိဴဘုရားဖူး ထောင်သောင်းများစွာ လာရောက်ရာ အမ်မာနက်ရှ်ယာထရာဘုရားကျောင်းဆီ သွားရာခရီးလမ်းကြောင်းမှာ ပါကစ္စတန်လုပ် စနိုက်ပါသေနတ်တစ်လက်နဲ့ မိုင်းဗုံးတစ်လုံးကို တွေ့ရှိကြောင်း ကက်ရှ်မီးယားစစ်ဌာန အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ကန််ဝဲလ်ဂျက်ဆင်းချ်က ပြောပါတယ်။

“ယာထရာဘုရားကျောင်းကို ပါကစ္စတန်တွေက တိုက်ခိုက်ဖို့ ရှိနေတာ သက်သေပြနေတာပဲ။”လို့ ၎င်းက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required