ရုရှားနဲ့ သမိုင်းဝင် နျူကလီးယားပဋိညာဉ်မှ အမေရိကန် နုတ်ထွက်

ရုရှားနဲ့ သမိုင်းဝင် နျူကလီးယားပဋိညာဉ်မှ အမေရိကန် နုတ်ထွက်

၀ါရှင်တန်ဒီစီ၊ သြဂုတ် ၃ ။        ။ စစ်အေးကာလအတွင်းက ရုရှားနိုင်ငံနဲ့ ချုပ်ဆိုထားခဲ့တဲ့ တာလတ်ပစ်ဒုံးကျည်တွေ ထုတ်လုပ်မှုကို တားမြစ်တဲ့ သမိုင်းဝင် INF နျူကလီးယားပဋိညာဉ်ကနေ အမေရိကန်ဟာ သြဂုတ် ၂ ရက််မှာ တရားဝင် နုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။

ခုလို နုတ်ထွက်ရင်း နောက်ပိုင်းမှာ ထပ်မံချုပ်ဆိုဖို့ ကြိုးစားမယ့် လက်နက်ထိန်းချုပ်ရေး ပဋိညာဉ်မှာ စစ်အင်အားကြီးမားတဲ့ အခြားနိုင်ငံတွေ အပါအဝင် တရုတ်နိုင်ငံကိုပါ ပါဝင်လာအောင် ကြိုးစားသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရုရှားနိုင်ငံဟာ တာလတ်ပစ် cruise ဒုံးကျည်တွေကို ဖျက်ဆီးခြင်းမရှိဘဲ INF ပဋိညာဉ်ကို ချိုးဖောက်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပဲယိုက လွန်ခဲ့တဲ့ ခြောက်လကတည်းက ပြောထားခဲ့ပါတယ်။

အခုအခါမှာ အဲဒီ ပဋိညာဉ်ကနေ အမေရိကန် တရားဝင်နုတ်ထွက်ကြောင်းကို ပွန်ပဲယိုက တရားဝင်ထုတ်ပြန်လာတာပဲ ဖြစ်ပါတယ်။

“သမိုင်းဝင် INF ပဋိညာဉ် ပျက်ပြယ်သွားတာမှာ ရုရှားနိုင်ငံက လုံးဝ တာဝန်ရှိနေတယ်။”လို့ ပွန်ပဲယိုက ဆိုပါတယ်။

“ပြီးခဲ့တဲ့ ခြောက်လမှာ အမေရိကန်နိုင်ငံအနေနဲ့ ရုရှားနိုင်ငံကို အခွင့်အရေး ပေးခဲ့တယ်။ ပဋိညာဉ်ကို လိုက်နာဖို့အတွက်ပါ။ ဒါပေမယ့် ရုရှားနိုင်ငံဟာ ပဋိညာဉ်ကို ဆက်လက်ချိုးဖောက်ဆဲဖြစ်တာကြောင့် အမေရိကန်က ခုလို နုတ်ထွက်လိုက်ရတာပဲ ဖြစ်တယ်။”လို့ ထုတ်ပြန်ချက်မှာ ပွန်ပဲယိုက ပြောထားပါတယ်။

INF ပါ ကတိကဝတ်တွေကို ရုရှားနိုင်ငံက ဖောက်ဖျက်နေကြောင်း အမေရိကန်က စွပ်စွဲပြောဆိုရင်း ခုလို သမိုင်းဝင်ပဋိညာဉ်ကနေ နုတ်ထွက်တဲ့အထိ ဖြစ်လာပေမယ့် ရုရှားနိုင်ငံဟာ စွပ်စွဲချက်တွေကို ယခင်ကတည်းက ငြင်းဆန်ထားတာပါ။

အမေရိကန်နိုင်ငံက INF ကို မျက်ကွယ်ပြုလိုတာကြောင့် ရုရှားနိုင်ငံကို စွပ်စွဲပြီး ပဋိညာဉ်ကနေ နုတ်ထွက်ဖြစ်လာအောင် လမ်းကြောင်းဖော်နေတာပဲလို့ ရုရှားသမ္မတ ပူတင်က တုံ့ပြန်ပြောဆိုထားဖူးပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required