အာဆီယံ အစည်းအဝေး ကျင်းပချိန် ဘန်ကောက်က ဗုံးခွဲမှုတွေနဲ့ ဆက်စပ်တဲ့ သံသယရှိသူနှစ်ဦးကို ဖမ်းဆီးထား

အာဆီယံ အစည်းအဝေး ကျင်းပချိန် ဘန်ကောက်က ဗုံးခွဲမှုတွေနဲ့ ဆက်စပ်တဲ့ သံသယရှိသူနှစ်ဦးကို ဖမ်းဆီးထား

ဘန်ကောက်၊ သြဂုတ် ၂ ။        ။ ထိုင်းနိုင်ငံ ဘန်ကောက်မှာ သြဂုတ် ၂ ရက်က အာဆီယံ အစည်းအဝေး ကျင်းပချိန် ဖြစ်ပွားခဲ့တဲ့ ဗုံးဖောက်ခွဲမှုတွေနဲ့ ချိတ်ဆက်ပတ်သက်နိုင်တဲ့ သံသယရှိသူနှစ်ဦးကို ပုန်ကန်ထကြွမှုတွေနဲ့ တည်ငြိမ်မှု ကင်းမဲ့ရာ နိုင်ငံတောင်ပိုင်းမှာ ဖမ်းဆီးရမိထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပါ တက်ရောက်တဲ့ အဲဒီ အာဆီယံ အစည်းအဝေးကျင်းပချိန် ကျူးလွန်လာတဲ့ အသေးစားဗုံးဖောက်ခွဲမှုတွေမှာ လူ လေးဦး ဒဏ်ရာရပေမယ့် အစည်းအဝေးကို အနှောင့်အယှက် မရှိစေဘဲ ဆက်လက်ကျင်းပနိုင်ခဲ့ပါတယ်။

နိုင်ငံရေး ဆူပူအုံကြွမှုတွေနဲ့ နိုင်ငံ တောင်ပိုင်းက လူနည်းစုမွတ်စလင်တွေရဲ့ ရေရှည်ပုန်ကန်မှုတွေ သမိုင်းရှိနေတဲ့ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လက အငြင်းပွားဖွယ် ရွေးကောက်ပွဲမှာ အာဏာသိမ်းစစ်အစိုးရက အရပ်သားအစိုးရအဖြစ် ရွေးကောက်ပွဲ အနိုင်ရပြီးနောက်မှာ သဘောထားကွဲလွဲမှုတွေက ပိုပြီး နက်ရှိုင်းလာခဲ့ပါတယ်။

အရင် စစ်အစိုးရကို ခေါင်းဆောင်ခဲ့တဲ့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက “ဖောက်ခွဲမှု အောင်အောင်မြင်မြင် ကျူးလွန်သွားတာက ကိုးကြိမ်ရှိခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ ဘယ်လိုအကြောင်းရင်းမျိုးကိုမဆို ဘက်စုံထောင့်စုံက စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။”လို့ သတင်းထောက်တွေကို ပြောပါတယ်။

ဖမ်းဆီးထားတဲ့ အမျိုးသားနှစ်ဦးဟာ ထိုင်းတောင်ဖက်စွန်းပိုင်းဒေသမှာ ပြီးခဲ့တဲ့ သြဂုတ် ၁ ရက် နှောင်းပိုင်းက ရဲစခန်းရှေ့ ဝါယာကြိုးတွေနဲ့ ချိန်သီးတွေ ချိတ်ဆက်ပါရှိတဲ့ ကိရိယာတစ်ခုကို တွေ့ရှိပြီးနောက် ဖမ်းဆီးထားခဲ့သူ နှစ်ဦးဖြစ်ပြီး သူတို့ နှစ်ဦးဟာ အခု ဘန်ကောက်က ဗုံးခွဲမှုတွေနဲ့ ချိတ်ဆက်ပတ်သက်တယ်လို့ ရဲက ပြောပါတယ်။

အဲဒီ အမျိုးသားနှစ်ဦးဟာ ၁၅ နှစ်တာ ပုန်ကန်အုံကြွနေတဲ့ မလေးရှားနယ်စပ်နားက မွတ်စလင်လူနည်းစု ဒေသက ရောက်လာသူတွေဖြစ်တယ်လို့ ရဲချုပ် ဂျက်တစ်ချိုင်ဂျင်ဒါက ပြောခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required