ရခိုင်စင်ကာပူအသင်းသားအချို့အား စစ်ဆေးရာတွင် ငွေကြေးလွှဲပြောင်းပေးမှုများရှိနေဟု အစိုးရပြောခွင့်ရ ပုဂ္ဂိုလ်ဆို

ရခိုင်စင်ကာပူအသင်းသားအချို့အား စစ်ဆေးရာတွင် ငွေကြေးလွှဲပြောင်းပေးမှုများရှိနေဟု အစိုးရပြောခွင့်ရ ပုဂ္ဂိုလ်ဆို

ရန်ကုန် ၊ သြဂုတ် ၂ ။       ။ ရက္ခိုင့်တပ် AA နှင့် ပတ်သက်မှုရှိသည်ဟုဆိုကာ အစိုးရမှ ဖမ်းဆီးထိန်းသိမ်းထားသည့်  ရခိုင်စင်ကာပူ အသင်းခေါင်းဆောင် အချို့အား စစ်ဆေးရာတွင် ငွေကြေးလွှဲပြောင်းပေးမှုများအား စစ်ဆေးတွေ့ရှိရသည်ဟု အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆိုသည်။

“ကျွန်တော်တို့အနေနဲ့လည်း ရဲတပ်ဖွဲ့ကိုလည်း မေးပါတယ်။ လောလောဆယ်တော့ ရမန်နှစ်ပတ် သြဂုတ်လ ၉ ရက်နေ့မှာ ပြည့်ပါမယ်။ သူတို့ကိုစစ်ဆေးရာမှာ ငွေကြေးလွှဲပြောင်း တာတွေကိုလည်း စိစစ်တွေ့ရှိပါတယ်” ဟု ဦးဇော်ဌေးက သြဂုတ်လ ၂ ရက်နေ့က သမ္မတရုံးအိမ်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ထိုသို့ ငွေကြေးလွှဲပြောင်းမှုများ စစ်ဆေးတွေ့ရှိရသည်ဟုဆိုသော်လည်း အသေးစိတ်အား ပြောဆိုခဲ့ခြင်းမရှိပေ။

ရခိုင်စင်ကာပူအသင်းခေါင်းဆောင်အချို့အား အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် စွပ်စွဲထားပြီး လက်ရှိတွင် အမှုအား တရားရုံးသို့ စွဲဆိုတင်ပို့ခြင်းမရှိသေးဘဲ ရဲတပ်ဖွဲ့မှ စစ်ဆေးဆဲ အနေအထားသာ ရှိနေသည်။

“ရဲတပ်ဖွဲ့က ဥပဒေနဲ့အညီဆက်လုပ်နေပါတယ်။ တရားစွဲတင်တဲ့အခါ မေးမြန်းလို့ရပါမယ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့ ဥပဒေအကြံပြုချက်ယူပြီး တရားစွဲဆိုဖို့ လုပ်နေပါတယ်” ဟု အမှုအခြေအနေနှင့် ပတ်သက်ပြီး ဦးဇော်ဌေးက သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဖြေဆိုခဲ့သည်။

အဆိုပါကိစ္စအတွက် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ကိုးဦးရှိပြီး  ရခိုင်စင်ကာပူအသင်း၏ ခေါင်းဆောင်ပိုင်းများ ဖြစ်ကြသော ကိုအောင်မြတ်ကျော်၊ ကိုထွန်းအေးနှင့် ကိုဟိန်းဇော် တို့ကို ရဲတပ်ဖွဲ့မှ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) (ခ) (ဂ) တို့ဖြင့် စွပ်စွဲထားကြောင်း ကျန်ရှိနေသည့် ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုအောင်မျိုးဝင်း၊ ကိုရွှေလှိုင်သန်းနှင့် ကားဆရာဖြစ်သော ကိုမြတ်လင်းဦး တို့အား အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (ခ) (ဂ) ဖြင့် စွပ်စွဲထားသည်။

စွပ်စွဲခံထားရသူများသည် စတင်ဖမ်းဆီးခံရသည့်အချိန်မှ စတင်ကာ မိသားစုဝင်များနှင့် ဆုံတွေ့ခွင့် မရရှိသေးသလို မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်း ထားသည်ကိုမူ မသိရှိရသေးပေ။

မြန်မာအစိုးရမှ အကြမ်းဖက်အဖွဲ့ဟုကြေညာထားသော ရက္ခိုင်တပ်(AA) အတွက် ငွေကြေးထောက်ပံ့ပေးခြင်း၊ ထောက်ခံ အားပေးခြင်းများပြုလုပ်သည်ဟုဆိုကာ စင်ကာပူ ပြည်ထဲရေး ဝန်ကြီးဌာနမှ ရခိုင်စင်ကာပူ အသင်း ခေါင်းဆောင်အချို့အား ပြည်နှင်ဒဏ်ပေးခဲ့ပြီးနောက် မြန်မာအစိုးရမှ ယခုကဲ့သို့ဖမ်းဆီးခဲ့ခြင်းလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly