ကြီးအုံကြီးဝတမံ အရေးပေါ်အခြေအနေအဖြစ် သတိပေးအလံများ စိုက်ထူထားသော်လည်း စိုးရိမ်စရာမရှိဟုဆို

ကြီးအုံကြီးဝတမံ အရေးပေါ်အခြေအနေအဖြစ် သတိပေးအလံများ စိုက်ထူထားသော်လည်း စိုးရိမ်စရာမရှိဟုဆို
ဓာတ်ပုံ- မင်းမခ

မကွေး၊ သြဂုတ် ၁ ။       ။ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝတမံသည် ရေသိုလှောင်ထားနိင်သည့်ထက် ရေပိုနေသောကြောင့် မုန်းချောင်းဘေးရှိ ပြည်သူများသတိထားနိင်စေရန် အရေးပေါ်အခြေအနေအဆင့်တစ်အဖြစ် အစိမ်းရောင် အလံများ စိုက်ထူကာ အသိပေးထားသော်လည်း စိုးရိမ်စရာမရှိသေးကြောင်း မင်းဘူးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက သိရသည်။
 

“အခု ကြီးအုံကြီးဝတမံမှာရေပိုနေလို့ရေပိုလွှဲကနေ ရေစကျော်တာတွေဖြစ်နေပြီဆိုတာ မုန်းချောင်းနားက ဒေသခံပြည်သူတွေသိအောင် အလံစိမ်းတွေထောင်ပြီး အသိပေးအချက်ပြလိုက်တာပါ။ စိုးရိမ်ရမယ့် အခြေ အနေအထိတော့ မရောက်သေးပါဘူး” ဟု မင်းဘူးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မင်းနိုင်က ပြောသည်။

ကြီးအုံကြီးဝတမံသည် ရေ ၃၂၇၀၀၀ ဧကပေ လက်ခံနိုင်သော်လည်း သြဂုတ်လ တစ်ရက်နေ့တွင် ရေ ၃၃၁၈၄၀ ဧကပေ အထိ ဝင်ရောက်နေသောကြောင့် ပိုနေသည့်ရေ ၂၉၁၄၀ ဧကပေကို ရေပိုလွှဲမှတဆင့် ရေကျော် ထုတ် နေရ၍ ယခုကဲ့သို့ အစိမ်းရောင်အလံများစိုက်ထူ အသိပေးနေခြင်းဖြစ်ကြောင်း မင်းဘူးခရိုင် ဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက သိရသည်။

ရေပိုလွှဲမှ ရေကျော်ကျမှု ဆက်လက်မြင့်တက်လာပြီး သတ်မှတ်ထားသည့် Maximum High Flood Level သို့ရောက်ရှိကာ တမံအောက်ဘက်ဒေသများ ရေကြီးမှုဖြစ်ပေါ်နိင်သည့် အခြေအနေသို့ ရောက်ရှိပါက အရေး ပေါ်အခြေအနေ အဆင့်နှစ်အဖြစ် ပြည်သူများသို့ ဆက်သွယ်အသိပေးသွားမည်ဖြစ်ကြောင်း အများပြည်သူ မြင်သာသော နေရာများနှင့် ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် အဝါရောင်အလံလွှင့်ထူခြင်း၊ အသံ ချဲ့စက်ဖြင့် လှည့်လည်ကြေညာခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက သိရသည်။

“နောက်ဆုံးအဆင့်အနေနဲ့ ရေပိုလွှဲကနေ ရေကျော်ထွက်တာက ရေပိုလွှဲအဆောက်အအုံကျိုးပေါက် ပျက်စီး စေနိင်တဲ့ အခြေအနေဖြစ်ပေါ်လာမယ်။ ဒါမှမဟုတ် အဖျက်အမှောင့်လုပ်ရပ်တစ်ခုခုကြောင့် တမံအတွင်းက ရေစိမ့်ထွက်ပြီး ထိန်းချုပ်လို့မရနိင်တဲ့ပမာဏအထိဖြစ်လာရင် အရေးပေါ်အခြေအနေအဆင့်သုံးအဖြစ် ပြည်သူ တွေကို ဆက်သွယ်အသိပေးသွားမယ့်အပြင် အများပြည်သူမြင်သာတဲ့နေရာတွေနဲ့ ကျေးရွာရပ်ကွက် အုပ်ချုပ် ရေးမှူး ရုံးတွေမှာ အနီရောင်အလံလွှင့်ထူတာတွေ အသံချဲ့စက်နဲ့ လှည့်လည်ကြေညာတာတွေ ဆောင်ရွက် သွားဖို့စီစဉ်ထားပါတယ်” ဟု ဦးအောင်မင်းနိင်က ဆက်ပြောသည်။

၂၀၁၅ခုနှစ်အတွင်း ပွင့်ဖြူမြို့နယ်တွင်ရေကြီးရေလျှံမှုဖြစ်ခဲ့စဉ်က ကြီးအုံကြီးဝတမံ၏ အထက်တွင်ရှိသော မုန်းချောင်း တမံ၌ရေကျော်မှု ၃၅.၈ပေအထိ အမြင့်ရှိခဲ့ကြောင်း ယခုသြဂုတ်လ တစ်ရက်နေ့တွင် ဖြစ်ပေါ် နေသောရေကျော်မှုမှာ အမြင့် ၂.၅ပေသာ ရှိသေးသဖြင့် မုန်းချောင်းတမံနှင့် ကြီးအုံကြီးဝတမံတို့အတွက် စိုးရိမ်ရမည့် အခြေအနေမရှိသေးကြောင်း မင်းဘူးခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းကပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly