ဆရာမနှင်းနုကို နောက်တိုးတရားခံအဖြစ် ထည့်သွင်းရေးကိစ္စအတွက် ဥပဒေရုံးမှ သဘောထား မှတ်ချက် နှစ်ခုပေး

ဆရာမနှင်းနုကို နောက်တိုးတရားခံအဖြစ် ထည့်သွင်းရေးကိစ္စအတွက် ဥပဒေရုံးမှ သဘောထား မှတ်ချက် နှစ်ခုပေး
ဓာတ်ပုံ- အောင်မြတ်သူ

နေပြည်တော်၊သြဂုတ် ၁ ။       ။ ဗစ်တိုးရီးယားအမှုမှ ဆရာမနှင်းနုကို နောက်တိုးတရားခံအဖြစ် ထည့်သွင်းပေးရန် တရားလိုဘက်မှ လျှောက် ထားမှုအပေါ် တရားရုံးသို့ ဦးတိုက်လျှောက်ခြင်း သို့မဟုတ် ရဲစခန်းတွင်အမှုဖွင့်ဆောင်ရွက်ခြင်းဖြင့် ပြုလုပ်ရန် ဥပဒေရုံးက သဘောထားမှတ်ချက်ပေးလိုက်သည်ဟု  တရားလို့ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောသည်။

ဇူလိုင်လ ၂၄ ရက်နေ့က ဒုတိယအကြိမ် ရုံးချိန်းတွင်း ဗစ်တိုးရီးယား၏ မိခင်က ဆရာမနှင်းနုကို နောက်တိုး တရားခံအဖြစ် ထည့်သွင်းပေးရန် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

“ဆရာမနှင်းနုကိစ္စ လက်ခံတယ်၊ လက်မခံတယ်တရားရုံးရဲ့အခွင့်အရေးမဟုတ်တော့ဘူး။ ဥပဒေရုံးကကိုက လျှောက်ထားတာမဟုတ်ဘူး။မှတ်ချက်ပဲပြုလိုက်တာ။ ဒီဟာနဲ့ပတ်သက်ပြီး ဒေါ်နှင်းနုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဥပဒေရုံးရဲ့သဘောထားကတော့ သူ့ရဲ့သဘောထားကိုတင်ပြလိုက်တာပဲရှိတယ်။ ဒီ ၂၀၂ နဲ့ ဆိုရင်တော့ ဥပဒေနဲ့မညီညွတ်ဘူးလို့ယူဆတယ်” ဟုဒေါ်ရွက်နုအောင်ကပြောသည်။

ထို့အပြင် ဒုတိယတင်သွင်းချက်ဖြစ်သည့်  အခင်းဖြစ်နေရာကို ရုံးတော်က ဝင်ရောက်စစ်ဆေးပေးရန်အချက်ကို ယနေ့ ရုံးချိန်းအတွင်း ရုံးတော်ကလက်ခံခဲ့သည်။ ယနေ့ပြုလုပ်သော တတိယအကြိမ် ရုံးချိန်းကို နံနက် (၁၀) နာရီခန့်က စတင်စစ်ဆေးခဲ့ပြီး နေ့လယ်တစ်နာရီခန့်တွင် ပြီးဆုံးသွားခဲ့သည်။

 “တကယ်လို့နှင်းနုနဲ့ပတ်သက်ပြီးတော့တရားခံအဖြစ် ပါစေချင်တယ်ဆိုရင်တော့ ဒီအမှုထဲမှာမဟုတ်ဘဲ နောက်ထပ်တစ်မှုတရားလိုဘက်က သက်သက် ဦးတိုက်ပဲလျှောက်လျှောက်၊ရဲစခန်းကိုပဲအမှုဖွင့်ဖွင့် အဲ့လို ဆောင်ရွက်သင့်တယ်လို့သူတို့ဘက်ကယူဆပါတယ်လို့ သူတို့အယူအဆကိုတင်ပြရုံသက်သက်ပဲ။ ဒါကို ကန့်ကွက်တယ်တို့လျှောက်ထားတယ်မဟုတ်ဘူး။ဒါကြီးကိုအမိန့်ချမှာမဟုတ်ဘူး”ဟု ဒေါ်ရွက်နုအောင်က ဆက်ပြောသည်။

အဆိုပါအမှုတွင် စွပ်စွဲတရားခံဖြစ်သော အောင်ကြီးဘက်မှ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်သည့် တရား လွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က စစ်ဆေးမေးမြန်းချက်များအပေါ်မူတည်၍ ဆရာမ နှင်းနုကို နောက်တိုး တရားခံအဖြစ်တင်ရန် အလားအလာရှိသည်ဟု ပြောသည်။

“ကျွန်တော်တို့စွဲချက် တင်ရင်တော့ သတင်းပေးပျက်ကွက်ဆိုတာမျိုးနဲ့ မတင်ဘူး။ ကျွန်တော်တို့ တင်ရင် ၁၁၄  အားပေးကူညီတယ် ကြံရာပါလုပ်တယ်ဆိုပြီးတင်မှာ ။ အဲ့လိုလုပ်ဖို့ကတော့ အချက်အလက် လိုသေးတယ်”  ဟု ဦးခင်မောင်ဇော်က ပြောသည်။

လာမည့် ရုံးချိန်းကို သြဂုတ်လ (၁၄)ရက်သို့ ပြန်လည်ချိန်းဆိုထားပြီး အဆိုပါရုံးချိန်းအတွင်း ဗစ်တိုးရီးယား လေး၏ ဖခင်နှင့်အဘွားကိုစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required