မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည်နှစ်စင်း ပစ်လွှတ်ကြောင်း တောင်ကိုရီးယား အတည်ပြု

မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည်နှစ်စင်း ပစ်လွှတ်ကြောင်း တောင်ကိုရီးယား အတည်ပြု

ဆိုးလ်၊ ဇူလိုင် ၃၁ ။        ။ မြောက်ကိုရီးယားနိုင်ငံဟာ ဇူလိုင် ၃၁ ရက် နံနက်ပိုင်းမှာ နိုင်ငံအရှေ့ကမ်းရိုးတန်းကနေ တာတိုပစ်ဒုံးကျည်နှစ်စင်းကို ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားအာဏာပိုင်တွေက အတည်ပြုပါတယ်။

ဝန်ဆန်ဆိပ်ကမ်းနား ကယ်မာအရပ်ကနေ ပထမဒုံးကျည်ကို ဒေသစံတော်ချိန် နံနက် ၅ နာရီ ၆ မိနစ်မှာ ပစ်လွှတ်ပြီး ၂၁ စက္ကန့်မှာ ဒုတိယဒုံးကျည်ကို ပစ်လွှတ်တာဖြစ်တယ်လို့ တောင်ကိုရီးယား စစ်ဦးစီးချုပ်ရုံးက ကြေညာပါတယ်။

ဒီ ဒုံးကျည်တွေဟာ အမြင့် ကီလိုမီတာ ၃၀ အထိ ပျံတက်ပြီး ကီလိုမီတာ ၂၅၀ နီးပါးကို ပျံသန်းကာ ပင်လယ်ထဲ ထိုးကျခဲ့ကြောင်း ယွန်ဟတ်သတင်းက ဖော်ပြပါတယ်။

အခု ပစ်လွှတ်တဲ့ ဒုံးကျည်တွေကို အမေရိကန်နဲ့ တောင်ကိုရီးယား စစ်တပ်တွေက ဆန်းစစ်သုံးသပ်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း အဲဒီ သတင်းမှာ ဖော်ပြပါတယ်။

မြောက်ကိုရီးယားနိုင်ငံက အခု ဒုံးကျည်ပစ်လွှတ်တာဟာဆိုရင် တစ်ပတ်အတွင်းမှာ နှစ်ကြိမ်မြောက် ပစ်လွှတ်မှုပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အရှေ့ကမ်းရိုးတမ်းကနေ ဒုံးကျည်နှစ်စင်းကို မြောက်ကိုရီးယားနိုင်ငံက ပစ်လွှတ်ထားတာ ဖြစ်ပါတယ်။

အဲဒီ ပစ်လွှတ်မှုကိုတော့ မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ စီစဉ်နေတဲ့ တောင်ကိုရီးယားကို သိသိသာသာ သတိပေးတဲ့အနေနဲ့ ပစ်လွှတ်ခဲ့တာလို့ ထုတ်ပြန်ထားခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required