ခြေ/ဥပြင်ဆင်ရေးပူးပေါင်းကော်မတီမှ တပ်ကိုယ်စားလှယ်တစ်ဦးကို အပြောင်းအလဲပြုလုပ်

ခြေ/ဥပြင်ဆင်ရေးပူးပေါင်းကော်မတီမှ တပ်ကိုယ်စားလှယ်တစ်ဦးကို အပြောင်းအလဲပြုလုပ်
ဓာတ်ပုံ- အောင်မြတ်သူ

နေပြည်တော်၊ ဇူလိုင် ၃၀ ။       ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီတွင် ပါဝင်သော တပ်မတော်သား လွှတ်တော် ကိုယ်စား လှယ်တစ်ဦးကို အပြောင်းအလဲပြုလုပ်ခဲ့ကြောင်း ဇူလိုင်လ ၃ဝရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှ သိရသည်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်နိုင်ရေးအတွက် အဖွဲ့ဝင် ၄၅ ဦးပါဝင်သော ပြင်ဆင်ရေး ပူးပေါင်း ကော်မတီကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ဖွဲ့စည်းပေးခဲ့ပြီး အဆိုပါ ကော်မတီတွင် ပါဝင်ခဲ့သော ဒုတိယဗိုလ်မှူးကြီး သန့်ဇော်၏ နေရာတွင် ဒုတိယ ဗိုလ်မှူးကြီး သန်းဦးလွင်ဖြင့် ဇူလိုင်လ ၃ဝရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်မှ ပြောင်းလဲတာဝန် ပေးအပ်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ ပြောင်းလဲတာဝန်ပေးအပ်မှုအတွက် လွှတ်တော်တွင် ကန့်ကွက်သူမရှိသောကြောင့် လွှတ်တော်မှ အတည်ပြုခဲ့သည်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာများကို ဇူလိုင်လ ၁၅ ရက်နေ့ကကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်တင်သွင်းခဲ့ပြီး ဇူလိုင်လ ၃ဝရက် (ယနေ့)ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ် ၂၁ ဦးက စတင်ဆွေးနွေးမည် လည်း ဖြစ်သည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ဆွေးနွေးရန် မူလက လွှတ်တော်အမတ် ၁၂၅ဦးမှ အမည်စာရင်း ပေးသွင်းထားပြီး နောက်ပိုင်းတွင် တပ်မတော်ဘက်မှ ဝင်ရောက်ဆွေးနွေးရန် ပြန်လည် ရုပ်သိမ်း လိုက်သောကြောင့် စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၄ရဦးကသာ ဆွေးနွေးကြမည်ဟု သိရသည်။

အဆိုပါ ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက် အစီရင်ခံစာထဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မများ အပေါ် ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့်စွက်၊ မူလအတိုင်းထားရန်ဟူ၍ အကြံပြုချက်ပေါင်း ၃ရဝဝကျော် ပါဝင်နေပြီး အစီရင်ခံစာအား လွှတ်တော်မှ ဆွေးနွေးအတည်ပြုနိုင်ပါက ပူးပေါင်းကော်မတီ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းတစ်ရပ်ကို ရေးဆွဲမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required