မြန်မာ့လူမှုအသိုင်းအဝိုင်းတွင် LGBT များကို လက်မခံနိုင်မှု၊လှောင်ပြောင်မှုများ အားကောင်းနေဆဲဟုဆို

By ကရိုင်နူးရာ
29 July 2019
မြန်မာ့လူမှုအသိုင်းအဝိုင်းတွင် LGBT များကို လက်မခံနိုင်မှု၊လှောင်ပြောင်မှုများ အားကောင်းနေဆဲဟုဆို

ရန်ကုန်၊ ဇူလိုင် ၂၉ ။         ။ မြန်မာလူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းထဲတွင် LGBT များကို လက်မခံနိုင်မှု၊ လှောင်ပြောင်မှုများ အားကောင်း နေသေးကြောင်း LGBT အရေး တက်ကြွလှုပ်ရှားသူများမှ ပြောသည်။

LGBT များ၏ ဘဝကို ပိုမိုနားလည်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပထမဆုံးဆွေးနွေးပွဲဖိုရမ်တစ်ခုကို ဇူလိုင်လ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ရန်ကုန်မြို့၊ Excel Treasure Hotel ၌ ဆွေးနွေးခဲ့ကြပြီး တိုင်းနှင့်ပြည်နယ်၊ အသီးသီးမှ LGBT အဖွဲ့ဝင် (၅၀)ခန့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အဆိုပါဖိုရမ်သည် ပြည်သူများကြား လှု့ံဆော်မှုများ၊ အသိပညာပေးမှုများ၊ ကာကွယ်စောင့်ရှောက်နိုင်မှုများနှင့် တင်းကျပ်နေသည့် ဥပဒေအကြောင်းအရာများအကြောင်းကို တစ်နိုင်ငံလုံးတွင်ရှိသည့် LGBT များမှတစ်ဆင့် ပြည်သူများဆီသို့ရောက်ရန်အတွက် လိုအပ်မှုများအကြောင်းကို အဓိကဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

'' LGBT အရေးကို LGBT တွေပဲ လုပ်ရမယ်ဆိုတာမျိုး မဟုတ်ဘဲနဲ့ အခုဆိုရင် ပိုမိုပြီး လုပ်ရမှာတွေ များ လာတယ်။ တိုင်းပြည်မှာလည်း ပိုပြီး စိန်ခေါ်မှုတွေ များလာတဲ့အတွက် ဒါကို ဘယ်လို ကျော်လွှားကြမလဲ ဆွေးနွေးနိုင်ဖို့ရယ်၊ ရှေ့လုပ်ငန်းစဉ်တွေကို စနစ်တကျ ချမှတ်နိုင်ဖို့ရယ်၊ ပြင်ဆင်မှုတွေမှာ မှန်ကန်သော ပြင်ဆင်မှုတွေ ဖြစ်လာဖို့အတွက် ဒီလိုပြင်ဆင်ရတာပါ။ အဖွဲ့ဝင်တွေကြားထဲမှာ စနစ်တကျ structure ရှိချင်တယ်။ ဘယ်ဒေသမှာ ဘယ်သူက ကိုယ်စားပြုကြမလဲ၊ ပြီးတော့ ဒီကွန်ရက်က နေရာဒေသပေါင်းစုံက ဖြစ်တဲ့အတွက်ကြောင့် သူ့ဒေသအတွင်းမှာရှိတဲ့ LGBT များ ရင်ဆိုင်နေရတဲ့ ပြဿနာရှိနိုင်တယ်။ ဒါတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာအပြင် တစ်နိုင်ငံလုံးမှာဖြစ်နေတဲ့ LGBT မှာ အထင်သေးမှုတွေ မီဒီယာတွေက တစ်ဆင့် ကြုံတွေ့မှုတွေ၊ ပေါ်လစီပြောင်းဖို့အတွက် အခက်အခဲရှိတာကော၊ နိုင်ငံတကာအဆင့်အတန်းမှာရော ဘယ်လိုပူးပေါင်းလုပ်ဆောင်မလဲဆိုတဲ့ strategy တွေ ထွက်လာဖို့အတွက် မျှော်လင့်ပါတယ် " ဟု ညီမျှခြင်းမြန်မာမှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းမှ ပြောသည်။

ယခု ဆွေးနွေးပွဲမှ ရရှိလာသည့် အချက်များကို တစ်နိုင်ငံလုံးမှ LGBT အချင်းချင်း ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နိုင်ရန်ရည်ရွယ်ချက်ဖြင့် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

" ဒီကွန်ရက်ရဲ့ အဓိက လုပ်ငန်းစဉ်မှာ စည်းရုံးရေးလုပ်ငန်းစဉ်၊ အသိပညာပေးလုပ်ငန်းစဉ်၊ လူထုအသိပညာပေး လုပ်ငန်းစဉ်တွေကနေ တစ်ဆင့် လူထုကို တဖြည်းဖြည်း အသိပညာပေးလုပ်ငန်းစဉ် လုပ်ဆောင်သွားမှာ ဖြစ်သလို LGBT အချင်းချင်းကြားထဲမှာ အခြားသော အရပ်ဖက်အဖွဲ့အစည်းတွေ ကြားထဲမှာလည်း ဒီလိုပုံစံမျိုးပဲ အသိပညာပေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်သွားမှာပါ။ မြန်မာပြည်မှာရှိနေတဲ့ ပုဒ်မ ၃ရရဟာ LGBT တွေ အတွက် ခွဲခြားထားတဲ့ ဥပဒေတစ်ရပ်ဖြစ်တယ်။ အဲ့ဥပဒေက လူတစ်ယောက်ရဲ့ ဖြစ်တည်မှုကို ခွဲခြားထားတယ်။ အဲ့ဒီဥပဒေက ၀ိ၀ါဒတွေ အရမ်းကွဲပြားတယ်။ အနက်အဓိပ္ပါယ် ရှင်းလင်းမှုတွေ မရှိဘူး။ လိုအပ်ရင် လိုအပ်သလို အသုံးပြုလို့ ရနေတဲ့အတွက်ကြောင့် ပြုပြင်ပြောင်းလဲဖို့အတွက် လုပ်ဆောင်သွားမှာပါ " ဟု LGBT Rights Network မှ စည်းရုံးလှု့ံဆော်ရေးအဖွဲ့ဝင် တင်ကိုကိုမှ ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required