မဟန၏ ခေါ်ယူသြဝါဒပေးမှုကို အင်းစိန်ရွာမဆရာတော်ကြီး ကြွရောက်ခြင်းမရှိ

မဟန၏ ခေါ်ယူသြဝါဒပေးမှုကို အင်းစိန်ရွာမဆရာတော်ကြီး ကြွရောက်ခြင်းမရှိ
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ ဇူလိုင် ၂၉ ။                ။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ခေါ်ယူသြဝါဒပေးမှုကို မဘသ အမည်ပြောင်း အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(ဗဟို)ရဲ့ ဦးဆောင်ဆရာတော်နှစ်ပါးအနက် အင်းစိန်ရွာမ ဆရာတော်ကြီး ကြွရောက်ခြင်းမရှိကြောင်း သိရသည်။

ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(ဗဟို)၏ ဥက္ကဋ္ဌဖြစ်သည့် အင်းစိန်ရွာမဆရာတော်ကြီးက ကြွရောက်ခဲ့ခြင်း မရှိဘဲ စာနှင့်ပဲ အကြောင်းပြန်ကြားခဲ့ကြောင်း "မဘသ"အမည်ပြောင်း အမျိုးဘာသာသာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(ဗဟို)၏ ဒုတိယဥက္ကဋ္ဌ ဆရာတော် ဦးသီလက္ခန္ဓာဘိဝံသက မိန့်ကြားသည်။

" ဘာမှ မမိန့်သေးဘူး။ ဘုန်းဘုန်းတို့ရဲ့ ဥက္ကဋ္ဌဆရာတော် မကြွနိုင်တဲ့အတွက် ဘာမှ မမိန့်သေးဘူး။ ဘာမှကို မပြောတာ။ ဘယ်နေ့ ပြန်ကြွရမယ်ဆိုတာလည်း မပြောပါဘူး။ ဥက္ကဋ္ဌဆရာတော်ကြီး၊ အင်းစိန်ရွာမဆရာတော်ကြီး မကြွနိုင်တဲ့အတွက် သူတို့ မိန့်ကြားစရာရှိတဲ့ သြဝါဒ မမိန့်ကြားဘူး"ဟု ဆရာတော် ဦးသီလက္ခန္ဓာဘိဝံသက မိန့်သည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့သည့် အမျိုးဘာသာ၊ သာသနာ၊ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း (ဗဟို) နှစ်ပတ်လည် စုံညီတွေ့ဆုံပွဲနှင့် သြဝါဒခံယူပွဲကိစ္စနှင့် ပတ်သက်ကြောင်း သိရသည်။

အင်းစိန်ရွာမဆရာတော်ကြီးက ကြွရောက်ခြင်းမရှိဘဲ မဟနကို အကြောင်းပြန်ကြားခဲ့တဲ့ လျှောက်ထား ချက်တွင် “ ၂၀၁၇ ခုနှစ်၊ မေလ ၂၃ ရက်နေ့မှာ ကမ္ဘာအေးကုန်းမြေကို ကြွရောက် တွေ့ဆုံရှင်း လင်းခဲ့စဉ် တချို့သော မဟနအဖွဲ့ဝင်တွေက လုပ်ထုံးလုပ်နည်းကို ကျော်လွန်ပြီး စော်ကားဆက်ဆံခဲ့ကြောင်း၊ ပညာရှင်တို့ ဆွေးနွေးပုံမဟုတ်ဘဲ ဘုရင်တို့ရဲ့ ဆွေးနွေးပုံမျိုးဆန်ဆန် ပြုမှုဆက်ဆံခဲ့ကြောင်း၊ ဒီလို အဖြစ်မျိုးကြုံခဲ့ရင် မဟနတစ်ဖွဲ့လုံးအပေါ် သိက္ခာကျစရာဖြစ်လာနိုင်တဲ့အတွက် အခုအခါမှာတော့ စာနဲ့ပဲ ပြန်ကြား လျှောက်ထားရတာကို နားလည်ပေးစေလိုကြောင်း” အင်းစိန်ရွာမဆရာတော်ကြီးက မဟနကို ပြန်လည် လျှောက်ထားစာ ပေးပို့လိုက်ခြင်း ဖြစ်သည်။

မဟနက ဆုံးမသြဝါဒပေးရန်အတွက် ဇူလိုင်လ ၂၉ ရက်နေ့၊ မနက် ၉ နာရီမှာ အင်းစိန်ရွာမဆရာတော်ကြီး အရှင် ဦးတိလောကာဘိဝံသနှင့် အရှင် ဦးသီလက္ခန္ဓာဘိဝံသတို့ကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေ၊ မဟာနာယကကျောင်းကို ကြွရောက်ရန် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required