မြိတ်တွင် တာဝန်မှ ရပ်နားခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ပြန်လည်ခန့်ထားပေးရေး ဆန္ဒထုတ်ဖော်

မြိတ်တွင် တာဝန်မှ ရပ်နားခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ပြန်လည်ခန့်ထားပေးရေး ဆန္ဒထုတ်ဖော်
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ ဇူလိုင် (၂၉) ။          ။ မြိတ်မြို့နယ်၊ ပသောင်းကျေးရွာအုပ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းအား တာဝန်မှရပ်နားခံရသည့်အပေါ် မကျေနပ်၍ ဇူလိုင်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ကျေးရွာနေပြည်သူများမှ ဆန္ဒဖော်ထုတ်ပွဲကို ယင်းကျေးရွာ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို ကျေးရွာနေ ပြည်သူများမှ အင်အား ၃၀၀ နီးပါးခန့် တက်ရောက် ချီတက်ရန် ခွင့်ပြုထားသော်လည်း ဒေသခံ တချို့က ဖမ်းဆီးခံရမည်ကိုစိုးရိမ်၍ အင်အား ၂၀ ဦးကျော် ခန့်သာ ဆန္ဒ ဖော်ထုတ်ခဲ့သည်ဟု ဦးဆောင်သူ များထံမှ သိရ သည်။

 “ဆန္ဒထုတ်ဖော်ဖို့ ကျွန်တော်တို့ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ အင်အား ၃၀၀ ကျော်လောက် ခွင့်ပြုချက်တင်ထား ပါတယ်။ အခု တကယ်တမ်း ပြတဲ့အခါမှာ ရွာသားတွေက သူတို့ စိတ်ထဲမှာ ကြောင့်ရွံပြီး လုံခြုံရေး ရဲတွေကို မြင်တော့ ဖမ်းခံရမှာကို ကြောက်လို့ လာရောက် ပူးပေါင်းမှုမရှိပါဘူး၊ အင်အား ၂၀ ဦးကျော်လောက်နဲ့ပဲ ဆန္ဒ ထုတ်ဖော်ခဲ့တယ်”ဟု ဆန္ဒဖော်ထုတ်ပွဲအား ဦးဆောင်သူ ဦးလှဝင်းက ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ပသောင်းကျေးရွာ ကျောင်းပိုင် စားကျက်မြေကိစ္စနှင့် ပတ်သက်၍ လိမ်လည် တိုင်တန်းသူ (၁၄) ဦး၊ မြေဝယ်သူ (၂) ဦး၊ ကျောင်းကော်မတီ (၃) ဦး စုစုပေါင်း (၁၉) ဦးအား အရေးယူပေးရန်၊ နောက်လာမည့်ကျေးရွာအုပ်ချုပ်ရေးမှူးအသစ် ပြည်သူပြည်သူလက်မခံ၊ ပသောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဟောင်း ဦးနေလင်းစိုးအား ပြန်လည်ခန့်အပ်ပေး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တိုင်တန်းသူများ အဂတိ မကင်းရှင်းရေး စသည့် ဗီနိုင်းများကို ကိုင်ဆောင်၍ ဆန္ဒဖော်ခဲ့သည်။

“ကျေးရွာမှာ ရှိတဲ့ ကျောင်းမြေကို ကျောင်းကော်မတီဝင်တွေနဲ့ အကြိမ်ကြိမ် အစည်းအဝေး ပြုလုပ်ပြီးမှ ရောင်းတာဖြစ်တယ်၊ အခုက အုပ်ချုပ်ရေးမှူးက ရွာ စားကျက်မြေကို သူသဘောနဲ့ ရောင်းတယ် ဆိုပြီး တိုင်တန်းခံရလို့ တာဝန်မှ ရပ်နားခံရတာကို မကျေနပ်လို့ ဆန္ဒဖော်ထုတ်ရတာ ဖြစ်တယ်”ဟု ဆန္ဒဖော်ထုတ်ပွဲ၌ ပါဝင်ခဲ့သော ပသောင်းကျေးရွာ ဒေသခံ ဒေါ်နှင်းဆီက ပြောသည်။

ပသောင်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးနေလင်းစိုးသည် ရွာစားကျက်မြေနှင့် အခြားမြေများကို မြို့နယ် ထွေ/ အုပ်သို့ တင်ပြခြင်း မရှိပဲ မိမိသဘောဖြင့် ရောင်းချခြင်းကြောင်း တာဝန်မှ ရပ်နားခံထားသူ ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required